ဂျပန်က နယ်စပ်ကန့်သတ်ချက် ဖြေလျှော့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ခရီးသွားဗီဇာလိုအပ်ချက်များ လျှော့ပေါ့မည်

ဂျပန်နိုင်ငံသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန် ချမှတ်ထားသည့် နယ်စပ်ကန့်သတ်ထိန်းချုပ်မှုများကို နောက်ထပ်ဖြေလျှော့မှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအချို့မှ ခရီးသွားဗီဇာလိုအပ်ချက်များကို လျှော့ပေါ့ပေးရန် စီစဉ်နေသည်ဟု Fuji News တွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။

တစ်ဦးချင်းခရီးသွားများအနေဖြင့် ခရီးသွားအေဂျင်စီကြိုတင်စာရင်းပေးသွင်းမှုမရှိဘဲ ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်နိုင်လိမ့်မည်ဖြစ်သည့် ယင်းဖြေလျှော့မှုအပေါ် ဝန်ကြီးချုပ် ဖုမိအိုခိရှိဒက ယခုသီတင်းပတ်အစောပိုင်းတွင် ဆုံးဖြတ်သွားဖွယ်ရှိသည်ဟု FNN တွင် ဖော်ပြထားသည်။

ဂျပန်သည် ကပ်ရောဂါမတိုင်မီ နိုင်ငံနှင့် ဒေသ ၆၈ ခုတို့မှ ခရီးသွားများအတွက် ခရီးသွားဗီဇာများမလိုအပ်ပေ။ဂျပန်သည် ဇွန်လကတည်းက ပြည်ပခရီးသွားလာရောက်မှုကို ခွင့်ပြုပေးခဲ့သော်လည်း ဧည့်လမ်းညွှန်ဖြင့် လာရောက်သည့် ခရီးစဉ်များကိုသာ ခွင့်ပြုပေးထားသည်။

အစိုးရအနေဖြင့် မည်ကဲ့သို့ခရီးသွားလာရောက်မှုအစီအစဉ်ကို ခွင့်ပြုမည့်အသေး စိတ်အချက်အလက်များကို ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း လာမည့်ရက်ပိုင်းတွင် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။သို့သော်ခရီးသွားများအနေဖြင့် ဂျပန်တွင် COVID-19 ကူးစက်ခံရလျှင် ဆက်သွယ်နိုင်ရန်အတွက် ကုန်ကျစရိတ် ထောက်ပံ့ပေးသူ သို့မဟုတ် ခရီးသွားအေဂျင်စီများရှိရန် လိုအပ်နေသေးသည်ဟု ခရီးသွားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့လက်ထောက်အတွင်းဝန်ချုပ် ဆဲဂျီခီဟာရာက စက်တင်ဘာ ၁၁ ရက်တွင် ရုပ်သံအစီအစဉ်တစ်ခု၌ ပြည်ပခရီးသွားများကို ဆွဲဆောင်ရန် နောက်ထပ်လုပ်ဆောင်ချက်များကို ချမှတ်လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။ဂျပန်တွင် လွန်ခဲ့သည့်သီတင်းပတ်၌ နေ့စဉ်ပြည်တွင်းခရီးသွားအရေအတွက် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ မြင့်တက်လာခဲ့ပြီး အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများတွင် အများစုဖြေလျှော့ခဲ့သည့် နယ်စပ်စည်းမျဉ်းများမှ တစ်ခုဖြစ်သော မထွက်ခွာမီကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု လိုအပ်ချက်များကို ဖယ်ရှားပေးခဲ့သည်။

ထို့ပြင် ဂျပန်အစိုးရက COVID-19 နှင့် ဆက်နွှယ်နေသည့် နိုင်ငံ၏ပြည်ဝင်ခွင့်ကန့်သတ်ချက်အရေအတွက်ကို ဖယ်ရှားရန် ရည်ရွယ်ထားသည်ဟု အကြီးတန်းအစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။သို့သော်ခီဟာရာက “ဒီလုပ်ဆောင်ချက်ဟာ လုံလောက်သွားပြီလားလို့ မေးခဲ့မယ်ဆိုရင်တော့ မလုံလောက်ပါဘူး ဆိုပြီး ကျွန်တော်ပြောချင်ပါတယ်” ဟု ဂျပန်က ပြည်ပခရီးသွားဝင်ရောက်မှု ကန့်သတ်ချက်များကို အတတ်နိုင်ဆုံး ဖယ်ရှားပေးမှုအပေါ် ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ COVID-19 နယ်စပ်ထိန်းချုပ်ရေးစည်းမျဉ်းတွေအပေါ် ပြည့်စုံတဲ့သုံးသပ်တာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး သိပ်မကြာခင်မှ ဒါတွေကိုအကောင်အထည်ဖော်သွားဖို့ လိုအပ်ပါတယ်” ဟု ခီဟာရာက ပြောကြားခဲ့သည်။        

 

Source -Nikkei Asia