ဂျပန်ကုမ္ပဏီတစ်ခုက ကားပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

ဂျပန် Sky Drive ကုမ္ပဏီဟာ မောင်းသူပါတဲ့ ကားပျံတစ်စီးကို အခုလ(၂၅)ရက်နေ့က အများပြည်သူအရှေ့မှာ အောင်မြင်စွာစမ်းသပ်ပျံသန်းပြခဲ့ပါတယ်။ စမ်းသပ်ပျံသန်းမှုကို Toyota Test Field မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဂျပန်နိုင်ငံသမိုင်းမှာ ကားပျံတစ်စီးကို ပထမဆုံးအကြိမ် အောင်မြင်စွာပျံသန်းပြမှုလည်းဖြစ်ပါတယ်။ ကားပျံရဲ့ အမည်ကို SD-03 လို့ပေးထားပြီး၊ ယာဉ်မောင်းတစ်ဦးက လိုက်ပါမောင်းနှင်ခဲ့ကာ လေထဲကိုပျံတက်ပြီးနောက်၊ စမ်းသပ်ကွင်းရဲ့အထက်မှာ လေးမိနစ်လောက် ပျံသန်းမောင်းနှင်ပြခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မောင်းသူ လိုက်ပါတဲ့ ကားပျံတစ်စီးကို ပထမဆုံးအောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့တဲ့အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်လို့ Sky Drive ကုမ္ပဏီရဲ့ စီအီးအို CEO Tomohiro Fukuzawa ပြောပါတယ်။ SD-03 ကားပျံဟာ ကမ္ဘာ့အသေးငယ်ဆုံး ဒေါင်လိုက်အတက်အဆင်းပြုလုပ်လို့ရတဲ့ လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး၊  ပျံသန်းမှုမှာ လုံခြုံမှု ရှိစေဖို့ အင်ဂျင်ရှစ်လုံး တပ်ဆင်ထားတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပြောကြားပါတယ်။ source : CNN