မွမ်ဘိုင်းမြို့ပျံကျရပ်ကွက်များတွင် နေထိုင်သူထက်ဝက်ကျော် Covid-19 ကူးစက်ခံနေရ

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သည့် မွမ်ဘိုင်းမြို့၏ ပျံကျရပ်ကွက် ၃ ခုတွင်နေထိုင်ကြသူများ၏ ထက်ဝက်ကျော်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (covid-19) ကူးစက်ခံနေရကြောင်း စမ်းသပ်စစ်ဆေး တွေ့ရှိခဲ့သည်ဟု စစ်တမ်းသစ်တစ်ခုအရ သိရသည်။ တူညီသည့်နေရာဒေသတွင် ပျံကျရပ်ကွက်များပြင်ပတွင် နေထိုင်ကြသူများတွင်မူ ၁၆ ရာခိုင်နှုန်းသာလျှင် ကူးစက်မှုခံရဖွယ်ရှိသည်ဟု သိရသည်။ အဆိုပါရလဒ်များသည် ယခု ဇူလိုင်လ အစောပိုငးတွင် လူဦးရေသိပ်သည်းသည့် ပျံကျရပ်ကွက် ၃ ခုရှိ လူဦးရေ ၇၀၀၀ ခန့်အား ကျပန်းစမ်းသပ်စစ်ဆေးမှုပြုလုပ်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ မွမ်းဘိုင်းမြို့တွင် ယမန်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိပြီး သေဆုံးသူဦးရေ ၆၁၈၇ ဦးရှိ သည်ဟု သိရသည်။ အဆိုပါ စစ်တမ်းကို မွမ်ဘိုင်းမြို့၏ မြို့တော်စည်ပင်နှင့် အစိုးရ အကြံပေးအဖွဲ့ Niti Aayog နှင့် Tata အခြေခံသုတေသနဆိုင်ရာအဖွဲ့အစည်း (the Tata Institute of Fundamental Research) တို့မှ ဆောင်ရွက်ကြခြင်း ဖြစ်သည်။ Chembur၊ Matunga နှင့် Dahisar ပျံကျရပ်ကွက်များတွင် နေထိုင်သူဦးရေ၏ ၅၇ ရာခိုင်နှုန်းသည် ကိုရိုနာနဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရသည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအရေအတွက်အရ ယင်းနေရာများသည် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးနေရာများပင်ဖြစ်သည်ဟု သိရသည်။ မွမ်ဘိုင်းမြို့၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အလယ်ပိုင်းရှိ အဆိုပါ ပျံကျရပ်ကွင်များတွင် လူဦးရေ ၁.၅ သန်းခန့် နေထိုင်သည်ဟု သိရသည်။  Ref: BBC News