မေတ္တာမွန်ပရဟိတ နာရေးကူညီမှုအသင်း နှစ်ပတ်လည်အခမ်းအနား မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်များ တက်ရောက်

 

အောင်လံ မေ ၂၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၏ ပရဟိတ ရှေ့ဆောင်ဖြစ်သော ၂ဝဝ၄ ခုနှစ် မေ ၂ရက်က ဦးကျော်သူ (နာ/ကူ ရန်ကုန်) လာရောက်ဖွင့်လှစ် ပေးခဲ့သည့် မေတ္တာမွန် ပရဟိတ နာရေးကူညီမှုအသင်း လက်ရှိ အမှုဆောင်အဖွဲ့သစ် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက အဆိုပါ အသင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းနာယက ဆရာတော် ဦးဝိသုဒ္ဓ (တာဝတိံသာ ကျောင်းတိုက်) က သြဝါဒစကား မိန့်ကြားကာ အသင်းရန်ပုံငွေကျပ် တစ်သိန်း ပံ့ပိုးလှူဒါန်းခြင်း၊ အသင်းဥက္ကဋ္ဌ ဦးမြင့်လွင်က လက်ရှိအမှုဆောင် အဖွဲ့သက်တမ်း တစ်နှစ်တာအတွင်း အသင်းက ကူညီဆောင်ရွက် ပေးနိုင်မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲ အချို့အား တင်ပြပြီး အသင်းရန်ပုံငွေ စာရင်းရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မေတ္တာမွန်ပရဟိတ နာရေးကူညီမှုအသင်း နာယကကြီးများ၊ အသင်းအမှုဆောင်များ၊ အသင်းသူ အသင်းသားများနှင့်အတူ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် အမှုဆောင် ဦးမြင့်ဆွေနှင့်  ဦးမြင့်နိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖိုးကြံ့ခိုင်(အောင်လံ)