ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ သန့်ရှင်းရေးလုပ်အားပေး ကျွေးမွေးလှူဒါန်း ကျေးလက်စကားဝိုင်း ကျင်းပ

 

ရန်ကုန် မေ ၁၂

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးနိုင်ဝင်း၊ ဒေါ်ချိုချိုအေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင် များသည် ယမန်နေ့ နံနက် ၆ နာရီက ကျောက် တန်းမြို့နယ် ဝဲကြီးစံပြကျေးရွာသို့ သွားရောက်၍ ရှေ့ဆောင် လမ်းပြ ပရဟိတ လူငယ်များက ရပ်ရွာသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြပြီး ပရဟိတ လူငယ်လေးများအား အာဟာရဒါနအဖြစ် ခေါက်ဆွဲကြော်ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးနိုင်ဝင်း၊ ဒေါ်ချိုချိုအေး၊ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာရပ်မိ ရပ်ဖများ၊ ပါတီကော်မတီဝင်များနှင့်အတူ ကျေးလက်စကားဝိုင်းအဖြစ် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံတော်အခြေအနေ ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေး ကျင်းပခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုကော်မတီဝင်နှင့် အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် ညောင်ဝိုင်းကျေးရွာသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ ပါတီကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျေးလက်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပ ခဲ့ကြောင်း သိရသည်။   ထိန်ဝင်း(YGN)