အလုပ်အကိုင်ရရှိရေး ဒေါ်လာ ဘီလီယံ ၁၄ဝဝ သုံးစွဲမယ်လို့ မိုဒီ ပြောကြား

အိန္ဒိယ ဝန်ကြီးချုပ် Narenda Modi နရင်ဒရာ မိုဒီ ရဲ့ BJP ပါတီက ကြာသပတေးနေ့ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူတို့ပါတီ ထပ်မံအနိုင်ရရင် ပြည်သူတွေ အလုပ်အကိုင် ပိုမိုရရှိအောင် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၄ဝဝ ကျော် ($1.4 trillion) သုံးစွဲမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် BJP ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တောင်သူလယ်သမားတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ဘီလီယံ ၃ဝဝ သုံးစွဲဖို့လည်း ကတိပြုထားပါတယ်။ အိန္ဒိယနိုင်ငံတဝန်း လာမယ့် မေလ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရွေးကောက်ပွဲဖြစ်ပါတယ်။

ဒါ့အပြင် အုတာပရာဒက်ခ်ျပြည်နယ် အယုဒ္ဓယမြို့မှာ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေအတွင်း ဟိန္ဒူလူမျိုးတွေ ဖျက်ဆီးခဲ့တဲ့ မွတ်စလင် ဗလီကြီးတစ်ခုနေရာမှာ ဟိန္ဒူဘုရားကျောင်းကြီးတစ်ခုကို ဆောက်လုပ် ပေးမယ်လို့လည်း မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ အယုဒ္ဓယ ဗလီဟာ နှစ်ငါးရာ သက်တမ်းရှိခဲ့တဲ့ ဗလီဖြစ်ပြီး ဆူပူမှုအတွင်း လူ ၂ဝဝဝ ကျော် သေဆုံးခဲ့ရတဲ့အနက် အများစုဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။

 —Ref: RFA