ချဲလ်ဆီးကို ၀ယ်ဖို့ ဗြိတိန်သူဌေး ရက်ကလစ်ဖ် စိတ်ဝင်စားပေမယ့် မိုဗစ်ခ်ျရဲ့ တောင်းဆိုဈေးကြောင့် အဆင်ပြေဖို့ မလွယ်သေး

ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆာဂျင်(မ်)ရက်ကလစ်ဖ် ဟာ ချဲလ်ဆီးအသင်းကို ၀ယ်ဖို့ စိတ်ဝင်စားနေပေမယ့် ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျ တောင်းဆိုတဲ့ ဈေးကြောင့် အဆင်ပြေဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်နေကြပါတယ်။ အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ပေါင်(၂.၅)ဘီလျံ ရမှ ရောင်းမယ်လို့ ဆိုထားပါတယ်။

ဗြိတိန်သားတွေထဲ အချမ်းသာဆုံးလို့ သတ်မှတ်ထားကြတဲ့ ရက်ကလစ်ဖ်ဟာ မိုနာကိုမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ချဲလ်ဆီးအသင်းကို ၀ယ်ယူဖို့ မကြာခဏ ဆက်သွယ်ခဲ့သူပါ။ ပိုင်ဆိုင်မှု ပေါင်(၂၁)ဘီလျံလောက်ရှိပြီး နာမည်ကျော် စက်ဘီးအသင်းတစ်သင်းဖြစ်တဲ့ Team Sky ကိုလည်း လွှဲပြောင်းယူဖို့ နီးစပ်နေပါပြီ။ Team Sky အတွက် တစ်နှစ်ကို လုပ်ငန်းလည်ပတ်ငွေ ပေါင်(၃၅)သန်းအထိ သုံးသွားဖို့ အဆင်သင့်ဖြစ်နေကြောင်း ရက်ကလစ်ဖ် နဲ့ နီးစပ်တဲ့လူတွေက ပြောထားပါတယ်။

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ပိုင်ရှင်အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုထားပေမယ့် ရုရှား သူဌေး မိုဗစ်ရဲ့ အခြေအနေကြောင့် ရင်းနှီးမြှပ်နှံမှုအသစ်တွေကို မျှော်လင့်ရဖွယ်ရှိပါတယ်။ မိုဗစ်ဟာ ဗြိတိန်ဗီဇာ ပြဿနာတချို့နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အခုဆိုရင် အစ္စရေးနိုင်ငံမှာပဲ နေထိုင်နေတာပါ။

အဲဒီထက်ပိုဆိုးတာက ပေါင်(၁)ဘီလျံလောက် ကုန်ကျမယ့် ကွင်းသစ်စီမံကိန်းကို မိုဗစ် လက်လျှော့သွားတာကြောင့်လည်း ချဲလ်ဆီးအသင်းအတွက် ရင်းနှီးမြှပ်နှံမှုအသစ်တွေ မျှော်လင့်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

-Ref:Skysports