ဒေါ့မွန်ကွင်းကို ပြန်သွားရတာက မြောက်ကိုးရီးယားကို သွားရတာထက်တော့ ပိုကောင်းမယ်လို့ ကလော့ပ်အရွှန်းဖောက်

ဒေါ့မွန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့အတွက် ဂျာမန်မြေကို ပြန်သွားရတာဟာဆိုရင်တော့ မြောက်ကိုးရီးယားကို သွားရတဲ့ ခရီးစဉ်နဲ့ စာရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်ဆိုပြီး လီဗာပူးလ်နည်းပြ Jurgen Klopp (ယာဂန်ကလော့ပ်)က ဟာသပုံစံနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ညမှာတော့ ကြိုးကြာနီတွေဟာ ဒေါ့မွန်အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် ဂျာမန်မြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒေါ့မွန်နည်းပြဟောင်းနဲ့ လီဗာပူးလ်လက်ရှိနည်းပြ ကလော့ပ် “ကျွန်တော်တို့အတွက် တက်ဖို့ခဲယဉ်းတဲ့ အကြီးမားဆုံးတောင်တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ကလော့ပ်ဟာဆိုရင်တော့ ဒေါ့မွန်အသင်းကို ခုနစ်နှစ်အတွင်းမှာ ကမ္ဘာ့အဆင့်အသင်းတစ်သင်းဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး အခုလို တစ်ခြားပြိုင်ဘက်နည်းပြတစ်ယောက်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရတဲ့အခါမှာ စိတ်လှုပ်ရှားမှုတွေဖြစ်ပေါ်နေတယ်လို့ မီဒီယာတွေက ရေးသားနေကြတာပါ။

ဒါကို ကလော့ပ်ကတော့ “ကျွန်တော် လက်ရှိအသင်းကိုပဲ အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်ပေးနေပါတယ်။ ကျွန်တော် ဒီနေရာကို ရောက်နေတာဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်တွေရှိနေခဲ့လို့ပါပဲ။ ကျွန်တော် အဲ့ဒီကို (ဒေါ့မွန်ကွင်း) ပြန်သွားရတာ ပိုကောင်းပါတယ်။ မြောက်ကိုးရီးယားထက်စာရင်ပေါ့။ ဒါကကောင်းပါတယ်” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာဆိုရင်တော့ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ခြေစွမ်းတွေ ကောင်းမွန်နေတဲ့ စပါးလိုအသင်းကို ဂိုးပြတ်နှိပ်ကွပ်ခဲ့ပြီး ယူရိုပါလိဂ်ရဲ့ ချန်ပီယံအလောင်းအလျာလို့လည်း အားလုံးက ထင်ကြေးပေးနေကြပါတယ်။ ဒါကိုတော့ ကလော့ပ်က “ကျွန်တော်သိတယ်။ ဒေါ့မွန်က ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဆိုတာကိုပေါ့။ ဒါကိုတော့ ဘယ်သူမှလည်း မငြင်းရဲပါဘူး။ ဟုတ်ပါတယ် သူတို့က ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်နေသူတွေကိုး ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာဆိုရင်တော့ လီဗာပူးလ်နဲ့ပွဲကို အာရုံအပြည့်စိုက်ထားပြီး ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေက ယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ လူစုံပါဝင်လာခြင်းမရှိဘဲ ဒီပွဲအတွက် ချန်လှပ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းမှာတော့ အဓိက ကွင်းလယ်တိုက်စစ်ကစားသမား ဖာမီနိုနဲ့ တိုက်စစ်မှူး စတာရစ်ခ်ျတို့ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ လီဗာပူးလ်အသင်းသားတွေကို ဒေါ့မွန်နဲ့ပွဲကို အာရုံအပြည့်စိုက်ထားဖို့အတွက် တိုက်တွန်းမှုတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။


Leave a Reply