မန်ယူကို ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ရန် ကမ်းလှမ်းသည့်သတင်း မဟုတ်မှန်ကြောင်း ငြင်းဆို

မန်ယူအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆော်ဒီမင်းသားရဲ့ ပြန်ကြားရေး ဝန်ကြီးက မဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

ဆော်ဒီမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ မန်ယူအသင်းကို ပေါင် ၃ ဒသမ ၈ ဘီလီယံနဲ့ လာမယ့်ရာသီ မစခင် ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်ဆိုပြီး အင်္ဂလန်မီဒီယာတချို့မှာ ဖော်ပြခဲ့ကြတာပါ။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဆော်ဒီတော်ဝင်မိသားစုရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ရှာဘန်နက်က တွစ်တာက တဆင့် သတင်းမှားသာဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဆော်ဒီမင်းသားနဲ့ ဆွေးနွေးခဲ့တာက စပွန်ဆာရှစ်ကိစ္စနဲ့သာ သက်ဆိုင်ပြီး အသင်းကို ဝယ်ယူဖို့ ကိစ္စ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

မန်ယူအသင်းကို အမေရိကန်သူဌေးတွေဖြစ်တဲ့ ဂလေဇာမိသားစုက ပိုင်ဆိုင်ပြီး လွန်ခဲ့တဲ့ ၁၄ နှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

—Ref: AP