ထိုင်းတော်ဝင်မင်းသမီးနှင့် ဆက်နွှယ်သည့် ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင် တောင်းဆို

ဗန်ကောက် ဖေဖော်ဝါရီ ၁၃

ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ထိုင်းတော်ဝင် မင်းသမီး အူဘိုလ်သာရာနာ အဆို တင်သွင်းခဲ့သည့် ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ထိုသို့ တောင်းဆိုခဲ့မှုသည် ထိုင်းနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် ရှင်နာဝပ်ထရာ နိုင်ငံရေးအဖွဲ့၏ ပြင်းပြသည့် နိုင်ငံရေးရည်မှန်းချက်ကို ထိခိုက် လာနိုင်ဖွယ် ရှိနေသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် မဟာမိတ်ပြုထားသည့် ထိုင်းရက်ဆာချက်ပါတီက ထိုင်း တော်ဝင်မင်းသမီး အူဘိုလ်သာရာနာ၏ အမည်စာရင်းကို တင်သွင်းလိုက်ချိန်တွင် စစ်ဘက်အရာရှိများက အုပ်ချုပ်နေသည့် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်သောကြာနေ့မှ စတင်ကာ နိုင်ငံရေးဆိုင်ရာ ကသောင်းကနင်း ဖြစ်ပွားမှုများနှင့် ရင်ဆိုင်လာရသည်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက တော်ဝင်မိသားစု ဝင်တစ်ဦးက နိုင်ငံရေးဆိုင်ရာ ယှဉ်ပြိုင်မှုအတွင်း ဝင်ရောက်ခြင်းမှာ လုံးဝမဆီလျော်ကြောင်း ကြေညာခဲ့ပြီး နောက်တွင် ထိုင်းတော်ဝင် မင်းသမီး၏ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် အဆို တင်သွင်းမှုကို ပယ်ချခံခဲ့ရသည်။

ထိုသို့ဖြစ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ထိုင်းရွေးကောက်ပွဲ ကော်မရှင်သည် ထိုင်းရက်ဆာချက်ပါတီကို တော်ဝင်မိသားစု ဝင်တစ်ဦးကို နိုင်ငံရေးနယ်ပယ်ထဲသို့ ခေါ်ဆောင်လာခြင်းအားဖြင့် နိုင်ငံရေးပါတီများ၏ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ယင်းပါတီကို နိုင်ငံရေးပါတီစာရင်းမှ ဖျက်သိမ်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

—Ref: AFP