ကမ္ဘောဒီးယား အတိုက်အခံတွေ နိုင်ငံရေးပြန်လုပ်ခွင့်ရလာဖွယ်ရှိ

ကမ္ဘောဒီးယားနိုင်ငံမှာ တားဆီးပိတ်ပင်ခံထားရတဲ့ အတိုက်အခံပါတီဝင်တွေကို နိုင်ငံရေးဆောင်ရွက်ခွင့် ပြန်ရဖွယ် ရှိနေပြီး၊ သတင်းမီဒီယာတွေလည်း ပြန်ပွင့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အဓိက အတိုက်အခံပါတီ မပါဝင်ဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ အနိုင်ရခဲ့အပြီး၊ အကျဉ်းကျနေတဲ့ အစိုးရဝေဖန်သူတွေ၊ စာနယ်ဇင်း သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြား ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

ဒါပေမဲ့ အီးယူ ဥရောပသမဂ္ဂကတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကမ္ဘောဒီးယား လူ့အခွင့်အရေး အခြေအနေအရ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကို ဆိုင်းငံထားခဲ့တာပါ။ ဒီအတွက် ကမ္ဘောဒီးယားရဲ့ အထည်ချုပ် လုပ်ငန်းမှာ ထိခိုက်နစ်နာသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အတိုက်အခံ CNRP ပါတီကို တရားရုံးချုပ်က ဖျက်သိမ်းခဲ့ပါတယ်။ အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ ဖျက်သိမ်းခဲ့တာပါ။ CNRP ပါတီဝင် တရာကျော်ကိုလည်း နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့လို့ အများအပြား နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသားရင်ကြားစေ့ရေးစိတ်ဓာတ်နဲ့ ပါလီမန် ဒီမိုကရေစီ မူဘောင်ကျယ်ပြန့်လာရေးအတွက် ပိတ်ပင်တားဆီးခံထားရသူတွေကို နိုင်ငံရေး ပြန်လုပ်ခွင့်ပြုခဲ့ပါတယ်။

-Ref: RFA