တူရကီသို့ F-35 တိုက်လေယာဉ်များ တင်ပို့ခြင်း မပြုရန် ထရမ့် လက်မှတ်ထိုး အတည်ပြု

အမေရိကန်လုပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ တူရကီထံ တင်ပို့ခြင်း မပြုရန် တားမြစ်သည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုး အတည်ပြုလိုက်သည်။

အဆိုပါ တားမြစ်မှုသည် ထရမ့်၏ ကာကွယ်ရေး အစီအမံသစ် သဘောတူညီချက်များအနက်မှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်များကို အမေရိကန် ဦးဆောင်ပြီး ဖန်တီး တည်ဆောက်ရာတွင် NATO အဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်သည့် တူရကီလည်း ငွေကြေး ထည့်ဝင်ခဲ့သည်။

တူရကီသည် ဒေါ်လာ ၁.၂ ဘီလီယံထိ F-35 စီမံကိန်းအတွက် ထည့်ဝင် မြှုပ်နှံထားပြီး အဆိုပါ တိုက်လေယာဉ် အစီးရေ ၁၀၀ ထိ ဝယ်ယူရန် စီစဉ်ထားသည်။ ယင်းအနက် အစီးရေ ၃၀ ကို ကြိုတင်၍ပင် မှာယူထားပြီး ဖြစ်သည်။

သို့သော် တူရကီနှင့် အမေရိကန် ဆက်ဆံရေး ဆုတ်ယုတ် လျော့ပါးလာချိန်၌ ထရမ့်က လေယာဉ်များ တင်ပို့မှုကို တားမြစ်ရန် လက်မှတ်ရေးထိုး အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် သာသနာပြု ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို တူရကီက ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးရန် ငြင်းဆိုနေခြင်းကြောင့် ထရမ့်၏ အစိုးရက တူရကီအပေါ် ဘက်ပေါင်းစုံမှ ဖိအားပေးလာခြင်း ဖြစ်သည်။

တူရကီ သမ္မတ ရာဂျစ် တေယစ်ပ် အာဒိုဂန်ကမူ ထရမ့်၏ ပိတ်ဆို့ အရေးယူမှုများအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အမေရိကန်သည် NATO အဖွဲ့ဝင် မဟာမိတ် အချင်းချင်း နောက်ကျောကို ဓားဖြင့် ထိုးခြင်းဟု စွပ်စွဲခဲ့သည်။ အမေရိကန် လွှတ်တော်က တူရကီသို့ F-35များ တင်ပို့ခြင်းကို ဆိုင်းငံ့ရန် မဲခွဲ အတည်ပြုခဲ့ပြီး ထရမ့်က ယင်းအဆိုကို အမိန့်တစ်ရပ်အဖြစ် လက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တားမြစ်ချက် အသစ်များအရ တူရကီသည် F-35များသာ မကဘဲ အမေရိကန်ထံမှ အခြားလက်နက် စနစ်များပါ ဝယ်ယူနိုင်တော့မည် မဟုတ်ချေ။ ယင်းတို့အနက် Patriot အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးခွင်းဒုံး စနစ်များ၊ CH-47 Chinook ဝန်တင် ရဟတ်ယာဉ်များ၊ AH-64 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ H-60 Black Hawk ဘက်စုံသုံး ရဟတ်ယာဉ်များ၊ F-16 Fighting Falcon တိုက်လေယာဉ်များ ဝယ်ယူခွင့်ပါ ပါဝင်နေသည်။

တူရကီသည် အမေရိကန်ထံမှ ပထမဆုံး F-35 တိုက်လေယာဉ် တစ်စီးကို လက်ခံရရှိထားပြီ ဖြစ်သော်လည်း မှာယူထားသည့် နောက်ထပ် တိုက်လေယာဉ်များ ရရှိရန်မူ ဆိုင်းငံ့ခံထားရမည် ဖြစ်သည်။ 

Ref: Drive