ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေ ထွက်နေပြီ

ငွေစက္ကူနဲ့ ငွေဒင်္ဂါးတွေအပေါ်မှာ အမှတ်တရပုံရိပ်တွေပြုလုပ်တဲ့ အနုပညာရှင်တစ်ဦးက အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တဲ့ ဟယ်ရီကိန်းအတွက် အမှတ်တရဖြစ်အောင် ၅ပေါင်တန်ငွေစက္ကူခြောက်ရွက်ကို ထုတ်ခဲ့တာပါ။

ဗြိတိန်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဂရေဟမ်ရှော့ဟာ ဗြိတိန်သုံးငွေကြေး ပေါင် (၅)ပေါင်တန် ငွေစက္ကူအပေါ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ မျက်နှာကို ပုံနှိပ်ပြီး ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး (၆)ဂိုး သွင်းယူပြီး ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဂရေဟမ်ရှော့ရဲ့ ထုတ်လုပ်မှုမှာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးအရေအတွက်အတိုင်း (၅)ပေါင်တန် ငွေစက္ကူ (၆)ရွက်သာ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံက Meriden ရွာလေးတစ်ရွာမှာ အဆိုပါ ငွေစက္ကူ  (၆)ရွက်ထဲက တစ်ရွက်ကို သုံးစွဲခဲ့ပြီးဖြစ်သလို ကာယကံရှင်ဖြစ်တဲ့ ဟယ်ရီကိန်းကိုလည်း တစ်ရွက် လက်ဆောင် ပေးခဲ့ပြီး ဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကိုလည်း ရှော့က တစ်ရွက် လက်ဆောင်အဖြစ် ပေးခဲ့ပြီး ကျန်ရှိတဲ့ လေးရွက်ကိုတော့ အများပြည်သူကြားထဲမှာ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော် ကမ္ဘာ့ဖလားပွဲကြည့်ခဲ့တယ်။ လူတိုင်းက ဟယ်ရီကိန်းရွှေဖိနပ်ရတဲ့အပေါ်ဂုဏ်ယူနေကြတယ်။ ဒါနဲ့ပဲ ကျွန်တော် စိတ်ကူးရပြီးလုပ်ဖြစ်ခဲ့တာ။ တစ်ရွက်ဆိုရင် အမှတ်တရဖြစ်အောင်လို့ ဟယ်ရီပေါ်တာကို ဂျေကေရိုးလင်းစရေးခဲ့တဲ့ အီဒင်ဘာ့ဂ်က ကော်ဖီဆိုင်လေးမှာ သုံးခဲ့တာပါ။”လို့ ဂရေဟမ်ရှော့ကပြောပါတယ်။

ဂရေဟမ်ရှော့ဟာ ငွေစက္ကူနဲ့ ငွေဒင်္ဂါးတွေအပေါ်မှာ အမှတ်တရပုံရိပ်တွေပြုလုပ်တဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ဘဝတစ်လျှောက်လုံးမှာ အမှတ်တရ ငွေဒင်္ဂါးနဲ့ ငွေစက္ကူတွေ အမြောက်အများ ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဟယ်ရီကိန်းပုံပါတဲ့ ၅ပေါင်တန်ငွေစက္ကူတွေကိုရသွားတဲ့သူတွေဟာ တစ်ချိန်မှာ တန်ဖိုးပေါင် ၅၀၀၀၀အထိ တန်ကြေးရှိလာနိုင်တယ်လို့လည်း ရှော့က သုံးသပ်ခဲ့ပါတယ်။

Source: Duwun