ရီးရဲလ်ကို ကိုင်တွယ်ရန် သဘောတူခဲ့သည့် လူပါတီဂူကို စပိန်ကထုတ်ပယ်ပြီး ဟီယာရိုကို နည်းပြခန့်အပ်

ယနေ့စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ရီးရဲလ်နည်းပြ ရာထူးကို ရယူရန် သဘောတူထားသော နည်းပြ လူပါတီဂူကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပေါ်တူဂီနှင့် ပထမဆုံး ကမ္ဘာ့ဖလားမပြိုင်မီ နှစ်ရက် အလိုတွင် ထုတ်ပယ်ကာ ဟီယာရိုအား ၎င်းတို့၏နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

ရီးရဲလ်က လူပါတီဂူသည် ဇီဒန်းနေရာသို့ သုံးနှစ်စာချုပ်ဖြင့် အစားထိုး ရောက်ရှိလာမည်ဟု ဇွန်လ ၁၂ ရက်က ကြေညာခဲ့သည်။ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ၎င်းတို့ထံ အသိပေးခြင်းမရှိဘဲ လူပါတီဂူ (၅၁) နှစ်က ရီးရဲလ်နှင့်ညှိနှိုင်းခဲ့ကြောင်း တွေ့ရှိသဖြင့် ၎င်းကို ထုတ်ပယ်ကြောင်း ပြောကြားသည်။

စပိန်လက်ရွေးစင်အသင်းကို ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် စပိန်အားကစားညွှန်ကြားရေးမှူး ဖာနန်ဒိုဟီယာ ရိုက နည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သည်။

ရီးရဲလ်က လူပါတီဂူကို နည်းပြသစ်အဖြစ် ခန့်အပ်မည့်အကြောင်း ကြေညာချက်မထွက်မီ ငါးမိနစ်အလိုမှ  သိခွင့်ရခဲ့သည့် RFEF ဥက္ကဋ္ဌ လူးဝစ်ရူဘီယာ လက်စ်က ၎င်းကိုယ်၎င်း အလွန် ခက်ခဲသော အနေအထားတစ်ခုရှိ နေကြောင်း တွေ့ရသည်ဟု ပြော သည်။

ကမ္ဘာ့ဖလားမစတင်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ ဆုံးဖြတ်၍ မရဟု လူးဝစ်ရူဘီယာလက်စ်က ပြောသည်။ လူပါတီဂူသည် ၂၀၁၆ က စပိန်နည်းပြ ဖြစ်လာပြီး ဒဲလ်ဘော့စကေး အနားယူပြီးနောက် စပိန်ကို ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

လူပါတီဂူလက်ထက်တွင် စပိန်သည် ပွဲ ၂၀ တွင် ၁၄ ပွဲ နိုင်ပြီး ခြောက်ပွဲ သရေကျခဲ့သည်။ စပိန်သတင်းများအရ လူပါတီဂူ က ရီးရဲလ်နှင့် သဘောတူခဲ့၍ ရူဘီယာလက်စ် ဒေါသထွက်ခဲ့ကြောင်း သိရသည်။

စပိန်သတင်းဌာနများဖြစ်သော EL Mundo က လူပါတီဂူ ထုတ်ပယ်ခံရခြင်းသည် လူပါတီဂူနှင့် ရူဘီယာလက်စ် တို့ကြား ပြဿနာကြောင့်ဟု ဖော်ပြပြီး AS သတင်းဌာနက နာရီပိုင်းအတွင်း စပိန်အသင်း၏ ကမ္ဘာ့ဖလား အာရုံစိုက်မှု ပြောင်းသွားပြီဟု ဖော်ပြကာ EL Pais သတင်းဌာနက ၎င်းတို့ ယင်းအခြေအနေမျိုးကို ယခင်ကလည်း ဖော်ပြခဲ့သည်။

စပိန်သည် သောကြာနေ့တွင် ပေါ်တူဂီနှင့်ရင်ဆိုင်ရမည် ဖြစ်ပြီး အုပ်စု (B) ၏ အခြားပွဲစဉ်များအဖြစ် အီရန်၊ မော်ရိုကိုတို့နှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ စပိန်သည် ကမ္ဘာ့အဆင့်ကစားသမားအများစု    စုဖွဲ့ထားခြင်းနှင့် အတူ ယခုနှစ် ကမ္ဘာ့ဖလားရရန် များစွာ ရေပန်းစားနေသော်လည်း လက်ရှိအနေအထားသစ်ကို မည်သို့ ကျော်လွှား နိုင်မည်လဲဆိုသည်မှာ စောင့်ကြည်ရဦးမည်ဖြစ်သည်။

—Ref:Goal/BBC