အမေရိကန်- မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူ ကင်ယောင်ချို အမေရိကန်သို့ လာနေပြီဖြစ်

ဆိုး မေ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန် မြောက်ကိုရီးယားနိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကင်ယောင်ချို သည် နယူးယောက်မြို့သို့ လာနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၉ ရက်တွင် ထုတ်ဖော်ပြောဆို သည်။

မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများကို ပူးပေါင်း လုပ်ဆောင် နေပြီဖြစ်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်း များစွာရှိကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ ၏ ဒုတိယခေါင်းဆောင် ကင်ယောင်ချိုသည် ယခုအခါ နယူးယောက်မြို့သို့လာနေပြီဖြစ်ကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောသည်။ မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်ယောင် ချိုသည် မေ ၂၉ ရက်တွင် ပေကျင်းလေဆိပ် သို့ရောက်ရှိပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မေ ၃ဝ ရက်တွင် နယူးယောက်မြို့သို့ ဆက်လက် ထွက်ခွာမည်ဟု တောင်ကိုရီးယား၏ Yonhap သတင်းဌာနက အစောပိုင်းတွင် ဖော်ပြသည်။

အမေရိကန်- မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲကို ဇွန် ၁၂ ရက်တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပရန်စီစဉ် ထားသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဆုန်ကင် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ယင်းထိပ်သီး ဆွေးနွေးပွဲအတွက်ပြင်ဆင်ရန် ကိုရီးယားနှစ် နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျုံကျေးရွာသို့ မေ ၂၇ ရက်တွင် ရောက်ရှိလာပြီး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နှင့် မေ ၂၈ ရက်နှင့် ၂၉ရက်တို့တွင် တွေ့ဆုံသည်။

ထို့ပြင် အမေရိကန်မှ နောက်ထပ်ကိုယ်စား လှယ်အဖွဲ့သည် သမိုင်းဝင်ဆွေးနွေးပွဲအတွက် စီမံခန့်ခွဲမှုများပြုလုပ်ရန် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောသည်။

၂ဝဝဝ ပြည့်နှစ်တွင် မြောက်ကိုရီးယား ဒုတိယထိပ်တန်းအရာရှိ ဂျိုမြောင်ရော့သည် အမေရိကန် သမ္မတ ဘီကလင်တန်နှင့် တွေ့ဆုံ ပြီးကတည်းက ကင်ယောင်ချိုသည် အမေရိကန်သို့ လာရောက်သည့် ပထမဆုံး မြောက် ကိုရီးယား ထိပ်တန်းအရာရှိ ဖြစ်သည်ဟု ကိုရီးယားအမျိုးသား ပေါင်းစည်းရေး တက္ကသိုလ်မှ သုတေသီ ချောင်ဆောင်ယွန်း က ပြောကြောင်း သိရသည်။

Source: MWD