မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ

မအူပင်၊ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့နယ် ကျောင်းရွာ ကျေးရွာအုပ်စု ကျောင်းရွာစံပြကျေးရွာ ရွှေသိမ်တော်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် စတင်ဖွင့်လှစ်ခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးက မိတ်ဆက်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုက ပါတီ၏ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ယနေ့ကာလတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး နှင့် စီးပွားရေးအခြေအနေ၊ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းရွာကျေးရွာအုပ်စု၊ ခနောင်ထော်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာအုပ်စုနှင့် ထန်းပင်ကွေ့အရှေ့ကျေးရွာအုပ်စုများမှ ပါတီဝင်အဆိုပြုလွှာ အစောင် ၄ဝဝ အား စုပေါင်းပေးအပ်ခြင်း၊ ပါတီဝင်အဆိုပြုလွှာပေးအပ်သူများဖြစ်ကြသော မဝေဝေလွင်နှင့် မောင်အောင်အောင်ကြီးတို့က ပါတီဝင်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ပါတီမှတာဝန်ရှိသူများက ပါတီဝင် များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျောင်းရွာစံပြကျေးရွာ ကျေးရွာပါတီဥက္ကဋ္ဌ ဦးမြငြိမ်းနှင့် ကျေးရွာပါတီ ကော်မတီဝင်များ၊ လေးအိမ်စုတိုက်နယ် (၂) အတွင်းရှိ ကျေးရွာအုပ်စုများမှ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ကျေးရွာ ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ လုပ်သားပြည်သူများ စုစုပေါင်းအင်အား ၅ဝဝ ကျော်ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)