NCA လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေး မကြာမီကျင်းပမည်

အစိုးရနှင့် အလွတ်သဘော ဆွေးနွေးခဲ့သည်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို တစ် ပတ်အတွင်း ကျင်းပရန်ရှိသည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ အစိုးရနှင့် အပစ်ရပ်အဖွဲ့များမှ ကိုယ်စားလှယ်များသည် မေလ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲများ ပြုလုပ်ပြီးထပ်မံတွေ့ဆုံရန် မေလ ၂၈ ရက် နှင့် ၂၉ ရက်သို့ ချိန်းဆိုခဲ့သည်။

‘‘အစည်းအဝေးပြီးရင်တော့ PPST ရဲ့ ဆုံးဖြတ်ချက်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ ဒီ ၂၈၊ ၂၉ ရက်မှာ တော့ အစိုးရနဲ့ ပြန်တွေ့ပြီး အစီ အစဉ်တွေ ဆက်လက်ရေးဆွဲမယ် လို့ မျှော်လင့်ရပါတယ်’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက အစိုးရနှင့် ပြန်လည်မတွေ့ဆုံမီ ဆွေးနွေးပွဲရလဒ်များကို နှစ် ဖက်ခေါင်းဆောင်များထံ တင်ပြ မည်ဟု ပြောသည်။

‘‘အလွတ် သဘောရဲ့ သဘောသဘာဝအရ တရားဝင်အစည်းအဝေးတွေကနေ အခက်အခဲဖြစ်တဲ့ဟာတွေကို ကျွန်တော် တို့ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့် လင်းလင်းနဲ့ အဖြေတွေရှာကြတာ ပေါ့။ ပြန်တွေ့မယ်ဆိုတဲ့အပိုင်း မှာလည်း ကျွန်တော်တို့က သက် ဆိုင်ရာ ခေါင်းဆောင်တွေ ပြန် တင်ပြတဲ့ Option တွေကို ခေါင်း ဆောင်တွေက ဆုံးဖြတ်ပြီး ဆက် ဆွေးနွေးမှာပေါ့’’ဟု ပဒိုစောတာ ဒိုမူး က ဆိုသည်။

အစိုးရနှင့် အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များသည် အလွတ်သဘော ဆွေးနွေးမှုကို ဧပြီတွင် ပထမအကြိမ်၊ မေလ ၁၈၊ ၁၉ ရက်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ မေလကုန်တွင် ဆက် လက်ပြုလုပ်မည့် တတိယအကြိမ် အလွတ်သဘော ဆွေးနွေးပွဲ၌ ပြေလည်မှုရပါက ဇွန်လအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကျင်းပမည်ဟု ဆွေးနွေးရေး ကိုယ်စားလှယ်အချို့က ပြောသည်။