ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တံတားဖွင့်ပွဲ တက်ရောက်ချီးမြှင့်

မအူပင်၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာအုပ်စု သဲကုန်းတံတားဖွင့်လှစ်ပွဲနှင့် သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူမင်္ဂလာပွဲအား ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ အဆိုပါ သဲကုန်းတံတားတွင် ကျင်းပခဲ့ရာ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါသဲကုန်းတံတားမှာ အလျား ပေ ၁၁ဝ၊ အနံ ၁၂ ပေ၊ ရှိ အာရ်စီ သံစီကွန်ကရစ်တံတားဖြစ်ပြီး ယခုနှစ် မတ် ၃ဝ တွင် ပန္နက်တင်လျက် ယခုလ ၈ ရက်တွင် ပြီးစီးပြီး ယနေ့တွင် တံတားဖွင့်ပွဲနှင့်အတူ အလှူတော်မင်္ဂလာပါ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတံတားအတွက် ကုန်ကျငွေမှာ ငွေကျပ်သိန်း ၂၁ဝ ကုန်ကျခဲ့ပြီး ပထမ အကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် [ပန်းတနော် – အမှတ်(၂)] ဦးငြိမ်းမြိုင်နှင့်ဇနီး ဒေါ်ခင်ရီတို့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ အလှူရှင်များနှင့်အတူ ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဝင်းသိန်း၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်း သန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီဝင်များမှ တက်ရောက်လျက် ဆရာတော်၊ သံဃာတော်များ အား သိမ်ဆင်းလောင်းလှူခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)