ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိစေပြီးမှ စေလွှတ်ရန် စီစဉ်နေ

 

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိပြီးမှ စေလွှတ်ရန် စီစဉ်နေကြောင်း မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပသို့ သွားရောက်လုပ် ကိုင်ရာတွင် ထိခိုက်ဒဏ်ရာရပါ ကအထောက်အပံ့ပြန်လည်ရရှိစေရန် ရည်ရွယ်၍ အာမခံထားရှိစေမည့် စနစ်အကောင်အထည်ဖော်ရန် စီစဉ်နေ ကြောင်း ၎င်းက ဆိုသည်။

‘‘မြန်မာ့အာမခံလုပ်ငန်းနဲ့ ညှိနေတာတော်တော်နီးစပ်နေပြီ။ ပြီးရင်ဝန်ကြီးဌာနဆီက ခွင့်ပြုချက်တောင်းရမှာရှိတယ်။ အာမခံစနစ်ထားပြီဆိုကတည်းက အလုပ်သမားဆီကတောင်းရမယ့် ငွေကြေးရှိ သေးတာဆိုတော့ ဝန် ကြီးဌာန ခွင့်ပြုချက်ယူဖို့လိုတယ်။ ဒါကအလုပ်သမားတွေအတွက် အထောက်အကူဖြစ်အောင် စီစဉ် ရတာဖြစ်တဲ့ အတွက် အကောင်အ ထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်’’ ဟု အထက်ပါတာဝန်ရှိသူများက ဆိုသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများသည် တစ်ဖက်နိုင်ငံသို့ရောက်ရှိပြီး လုပ်ငန်းခွင်သို့ ရောက်ရှိ၍ အလုပ်သမား ပါမစ်စတင်ရရှိပါက ယင်းနိုင်ငံ၏ အာမခံစနစ်တွင် အကျုံးဝင်သော်လည်း ပါမစ်မရမီတွင် တစ်စုံတစ်ခု ထိခိုက်ပါက အာမခံအကျိုးခံ စားခွင့်မရနိုင် သောကြောင့် အဆိုပါ ကာလအတွင်း ရည်ရွယ်၍ မြန်မာ နိုင်ငံရှိ အာမခံလုပ်ငန်းနှင့် ချိတ်ဆက် ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အာမခံသက်တမ်းကတော့ တစ်နှစ်ပဲဖြစ်လိမ့်မယ်။ အာမခံကြေးကိစ္စတွေကိုတော့ လူကြီးတွေညှိနေကြတုန်းပဲ။ တစ်နှစ်အတွင်း တစ်ဖက်နိုင်ငံရဲ့ အာမခံစနစ်ထဲပါသွားပြီး အလုပ်သမား ကတစ်စုံ တစ်ခု ထိခိုက်မှုဖြစ်ရင် နှစ်ဖက်စလုံးက အာမခံအကျိုးခံစားခွင့်ရမယ်။ အဓိကကတော့ တစ်ဖက်နိုင်ငံရဲ့ အာမခံစနစ်ထဲ မပါသေးခင် ထိခိုက်၊ သေဆုံးတာမျိုး ဖြစ်တဲ့အခါမှာ အထောက်အပံ့ဖြစ်စေဖို့ အတွက်ကို ရည်ရွယ်တာပါ’’ ဟု MOEAF တာဝန်ရှိ သူက ဆက်လက်ပြောကြားသည်။

အဆိုပါစနစ်ကို မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများမှ ပထမဆုံးစတင်ရန် ပြင်ဆင်နေပြီး အောင်မြင်ပါက အခြားနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများ အတွက်ပါ ထပ်ပြီးချဲ့ထွင်နိုင် မည်ဟု အေဂျင်စီလုပ်ငန်းရှင်တစ် ဦးကဆိုသည်။

မြန်မာအစိုးရသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ယူအေအီး၊ ကာတာ နိုင်ငံတို့သို့ အလုပ်သမား များတရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပြုထားသည်။ ယင်းနိုင်ငံများသို့ တစ်လလျှင် အလုပ်သမား ၁၅,၀၀၀ကျော် သွားရောက်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။