သမ္မတနှင့် ဝန်ကြီးများ၏ပိုင်ဆိုင်မှု တင်ပြပြီးဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်

သမ္မတနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုကို တင်ပြပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၈ ရက် တွင် ကြေညာသည်။ သမ္မတသည် မိမိဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်ဆိုင်မှုပစ္စည်းများကို တန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရခြင်းဖြစ်သည်။ အလားတူပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် လည်းကောင်း၊ အခြေခံဥပဒေအရလည်းကောင်း သမ္မတက ခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး သမ္မတထံ တင်ပြရခြင်းဖြစ်သည်။ပိုင်ဆိုင်မှုများကို ချိပ်ပိတ်တင်ပြခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

‘‘ဒီအချိန်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ တင်ပြထားတာ။ အဂတိလိုက်စားမှုသော်လည်းကောင်း၊ ပြဿနာတစ်စုံ တစ်ရာ သော်လည်းကောင်း ဖြစ်ပေါ်လာ တယ်ဆိုရင် အဲဒါဖွင့်ပြီး တိုက်ဆိုင် စစ်ဆေးမှာ ဖြစ်တယ်။ ဒါဥပဒေအရ’’ ဟု ၎င်းက ပြောကြားသည်။ သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်စဉ်ကပင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို စိတ်အား ထက်သန်သူဖြစ်ပြီး သမ္မတဖြစ် လာသည့်အခါတွင် အဂတိလိုက် စားမှုကို တိုက်ဖျက်မည်ဟု ကြွေး ကြော်ထားသည်။

ထိုသို့ ပိုင်ဆိုင်မှုများ တင်ပြရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ၁၀၀ နှင့် ၁၀၁ တို့တွင် ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင် နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေ နှင့်တကွ အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများ ပေးပို့တင်ပြထားပြီးဖြစ်ကြောင်း သမ္မတရုံး ကြေညာချက်က ညွှန်းဆို သည်။ ‘‘ကျွန်တော်တို့က အင်န် အယ်လ်ဒီ ပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ကတည်းက ပိုင်ဆိုင်မှုတွေအကုန်လုံး စိစစ်တင်ပြပြီးသား။ အဲဒီစာရင်း ကိုပဲ သမ္မတဆီ ဆက်တင်မှာပေါ့။ ကျွန်တော့် ဆီတော့ မတောင်းဘူး။ တစ်ခါပဲ ပေးထားရတယ်။ အသစ်တွေကို တော့ တောင်းတာတွေ့တယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန် ရာထူးမှ  ဆင်းသည့်အခါတွင် ၎င်းအပ်နှံထားခဲ့သော ပိုင်ဆိုင်မှု ချိပ်ပိတ်စာရင်း စာအိတ် ကို ပြည်ထောင်စု  လွှတ်တော်နာယက မန်းဝင်းခိုင်သန်းထံမှ ပြန်ယူခဲ့သည်။