မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ပြည်ပနည်းပြအဖွဲ့လိုက် ခန့်အပ်ရန် စီစဉ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် နည်းပြချုပ်အပြင် လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေးနည်းပြ၊ ဂိုးနည်းပြတို့ ပါဝင်မည့် ပြည်ပနည်းပြ အဖွဲ့လိုက်ခန့်အပ်ရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

လက်ရှိတွင် မြန်မာ့လက်ရွေး စင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမနီ၊ ဘရာဇီး၊ ဆားဘီးယား၊ မွန်တီနီဂရိုး၊ မက်ဆီဒိုးနီးယားနိုင်ငံမှ နည်းပြ ၃၀ ခန့် လျှောက်ထားကြောင်း ၎င်းက ဆိုသည်။

‘‘ဒီတစ်ခေါက်လက်ရွေးစင် နည်းပြကိုအဖွဲ့လိုက်ခန့်ဖို့ စီစဉ်ထားတယ်။ နည်းပြချုပ်နဲ့အတူ လက်ထောက်နည်းပြ၊ ဂိုးနည်းပြ၊ ကြံ့ခိုင်ရေးမှူးရော အကုန်ပါမယ်။ နိုင်ငံတကာမှာလည်း နည်းပြတွေက သူတို့ရဲ့ အဖွဲ့နဲ့ပဲ အဆင်ပြေကြတာ များတယ်။ သူတို့နဲ့အတူ ပူးပေါင်းလုပ်ဖို့ မြန်မာနည်း ပြ တစ်ယောက်ကိုတော့ တွဲပေးမှာပါ’’ ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြအဖွဲ့ကို ဧပြီလကုန်တွင် ခန့်အပ်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

မြန်မာ့လက်ရွေးစင်းအသင်း သည် အာရှဖလားခြေစစ်ပွဲတွင် ရလဒ်ဆိုးရွားသဖြင့် မတ်လ ၂၅ ရက်က နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်နှင့် ဘောလုံးအဖွဲ့ချုပ်တို့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့သည်။

အသစ်ခန့်အပ်မည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ကိုမြန်မာယူ-၂၃ အသင်းကိုလည်း ပူးတွဲကိုင်တွယ် စေမည်ဖြစ်ကြောင်း ဦးဘုန်းနိုင်ဇော်က ဆိုသည်။

ယခုနှစ်အတွင်း မြန်မာယူ-၂၃ အသင်းသည် သြဂုတ်တွင် အာရှအားကစားပြိုင်ပွဲနှင့် မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာတွင် အာဆီယံဆူဇူကီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာရှအားကစားပြိုင်ပွဲအကြိုအဖြစ် သြဂုတ်အတွင်း ရန်ကုန်မြို့၌ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည် ဖြစ်သည်။

7Days