စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သွားမည်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မတ်ဒူရို

ဗင်နီဇွဲလားနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားရန် အစိုးရက စီစဉ်နေပြီး ထိုအစီအစဉ် ကြောင့် ယခင်ကတည်းက ငွေကြေးဖောင်းပွမှု ဖြစ်နေတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ မျှော်လင့် ရပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေပြီး အစားအသောက်နဲ့ဆေးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပါတယ်။ ရေနံဈေးနှုန်းကျဆင်းမှုနဲ့ နိုင်ငံရဲ့ ဘိုလီဗာငွေတန်ဖိုး ထိုးကျနေမှုတွေကြောင့် ဗင်နီဇွဲလားမှာ စီးပွားရေး အကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မတ်ဒူရိုက အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ပေးသွားမယ့် အစီအစဉ်ကို ၎င်းရဲ့ နှစ်ကုန်မိန့်ခွန်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ပေးခြင်းက အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဗင်နီဇွဲလားအပေါ် စီးပွားရေးစစ်ပွဲ ဆင်နွှဲနေမှုကနေ ကာကွယ်နိုင်မယ်လို့ သမ္မတမတ်ဒူရိုက ဆိုပါတယ်။ မတ်ဒူရိုက ၎င်းတို့ရဲ့ ဆိုရှယ်လစ် နိုင်ငံအပေါ် အမေရိကန်နဲ့ အခြားနိုင်ငံတွေက စီးပွားရေးအရ ထိုးနှက်နေကြောင်း ပြောဆိုလေ့ရှိပါတယ်။

သမ္မတမတ်ဒူရိုဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး အာဏာရှင်သဖွယ် ပြုမူဆောင်ရွက်နေကြောင်း သတ်မှတ်ပြောဆိုကာ ၂၀၁၇ ခုနှစ် အစောပိုင်းမှာ အမေရိကန်က ၎င်းကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဗင်နီဇွဲလားမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတက ရုပ်မြင်သံကြားမှတစ်ဆင့်  နှစ်ကုန်မိန့်ခွန်း  ပြောကြားမှုအတွင်း အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်မယ့် အစီအစဉ်ကို သတင်းကောင်းအဖြစ် အမွှန်းတင်ခဲ့ပါတယ်။

သို့သော် အစိုးရရဲ့ ယခုလုပ်ရပ်ဟာ ငွေကြေးဖောင်းပွမှုနှုန်းကို အလျင်အမြန် မြင့်တက်လာစေမယ်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဗင်နီဇွဲလားမှာ ငွေကြေးဖောင်းပွမှုကြောင့် ဈေးနှုန်းများမြင့်တက်မှုဟာ ၁၄၀၀ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့တယ်လို့ ယမန်နှစ်အတွင်း အတိုက်အခံအုပ်စု ဦးဆောင်နေတဲ့ လွှတ်တော်က ပြောခဲ့ပါတယ်။

သမ္မတမတ်ဒူရိုကတော့ ဗင်နီဇွဲလားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ အမေရိကန်ကဲ့သို့ ပြင်ပမှ သြဇာလွှမ်းမိုး စွက်ဖက်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုလေ့ရှိကြောင်း သိရပါတယ်။  (Duwun)