မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ Modern Myanmar Group နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး (Lathwei Nation Fight 3 ) ကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။

ထိုးသတ်မည့် တွဲဆိုင်းများမှာ၂ဝ၁၆ MLWC Champion စောဂေါ်မူတို (မြန်မာ-သတ္တိ ကလပ်)နှင့် ထိုင်းဖိုက် ချန်ပီယံ ကမ္ဘာ့မွေထိုင်းချန်ပီယံ ဆင်းမန်းနီး(ထိုင်း)၊ ၂ဝ၁၅၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ သွေးသစ်အောင် (မြန်မာသုံးပန်လှကလပ်)နှင့် လုံပနီချန်ပီယံ နှစ်ကြိမ်ရ ဒွန်ဆန်ပေါင် (ထိုင်း)၊ စောကျော်ဖိုးခွား (မြန်မာ Phonix) နှင့် ပတ်မွန်ချွန်း(လာအို)၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ ရန်နိုင်ထွန်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် မင်းထက်ကျော်၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ စိုးဝင်းသန်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် ခွန်အာကာ၊ ၂ဝ၁၇ ရွှေခါးပတ်ချန်ပီယံ သပြေအောင်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ် ဆုရှင် မားမားရွှေအောင်လံ ဆုရှင် သိန်းစိုးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အမျိုးသမီး အထူးပွဲစဉ်အဖြစ် နော်ဥမ္မာစိုး (ထွန်းသွင်)နှင့် စုလှိုင်နှင်း (တောင်ဇလပ်)တို့ တွဲဆိုင်းများ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ယခု ထိုးသတ်မည့် တွဲဆိုင်းများသည် အကောင်းဆုံးဖြစ် အောင် နိုင်ငံတကာ စိန်ခေါ်ပွဲများ၊ ပြည်တွင်း ထိပ်တန်းစိန်ခေါ် ပွဲများ၊ အထူး အမျိုးသမီးတွဲဆိုင်း ပါဝင်ပြီး ရိုးရာပရိသတ် ကြိုက်နှစ်သက်မည့် တွဲဆိုင်းများ ဖြစ်သည်ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဦးစိုင်းဇော်ဇော်က ပြောသည်။ ရုံဝင်ကြေးအဖြစ် ရှေ့ဆုံးတန်းခုံ ၆ဝ သည် ငွေကျပ် ငါးသောင်းဖြစ်ပြီး ကျန်အတန်းများမှာ ငွေကျပ် ငါးထောင်၊ ငွေကျပ် နှစ်သောင်း၊ ငွေကျပ် နှစ်သောင်း ငါးထောင်ဖြစ်သည်ဟု သိရသည်။