တက္ကဆက်စ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၂၆ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိ သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ ယခုဖြစ်စဉ်ဟာ ပြည်နယ်တွင်းက ၀ီလ်ဆန် ကောင်တီရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တနင်္ဂနွေနေ့ ဘုရားဝတ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကျူးလွန်ခဲ့တဲ့ သေနတ်သမားဖြစ်သူဟာလည်း ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသွားခဲ့ပြီလို့ သိရပြီး ၎င်းဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲခန့်မှာ ဘုရားကျောင်းထဲ ၀င်ရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သေနတ်သမားဖြစ်သူကတော့ အသက် ၂၆ နှစ်ရှိ ဒီဗင်ကယ်လီဆိုသူဖြစ်တယ်လို့လည်း ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါ တယ်။ ၎င်းသေနတ်သမားအမျိုးသားဟာ ဘုရားကျောင်းထဲ ရိုင်ဖယ် သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ချိန်မှာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမား ဒီဗင်ကယ်လီဟာ ဘုရားကျောင်းထဲ ၀င်ရောက်ပစ်ခတ်ပြီးနောက် ကားနဲ့ ပြန်လည် ထွက်ပြေးခဲ့ရာမှာ ဒေသခံပြည်သူတစ်ဦးက နောက်ကလိုက်ပြီး ပြန်လည်ပစ်ခတ်မှု ကြောင့် သေဆုံးသွားခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ ဒါ့အပြင် ကယ်လီဟာ အမေရိကန်လေတပ်ကနေ အထုတ်ခံရသူတစ်ဦးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က ပြောကြားသွားခဲ့ပါတယ်။ အလားတူ ၎င်းဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့တော့ အဆက်အသွယ် မရှိဘူးဆိုပြီးတော့လည်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနေကြ ပါတယ်။ ယခု ဘုရားကျောင်း ပစ်ခတ်မှုကတော့ ပြည်နယ်သမိုင်းတစ်လျှောက် လူအသေအပျောက် အများဆုံး သော အဆိုးရွားဆုံး ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ခဲ့ပြီဖြစ်ကြောင်း ဂရက် အက်ဘော့က ပြောဆိုလိုက်ပြီး ယခုဖြစ်စဉ်မှာ သေဆုံးသွားသူတွေထဲမှာ အသက် ၅ နှစ်ကနေ ၇၂ နှစ်အရွယ်ကြား အသက်အရွယ်ပေါင်းစုံ ဘုရားဝတ်တက် သူတွေ ပါဝင်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။

ယခုဖြစ်စဉ်မှာ လူပေါင်း ၂၃ ဦးကို ဘုရားကျောင်းထဲနဲ့ ကျန်နှစ်ဦးကို ကျောင်းအပြင်ဘက်မှာ သေဆုံးလျက် သား တွေ့ရှိရပြီး တစ်ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

-Ref; AFP