အာဖဂန်ရှိ အမေရိကန်သံရုံးအနီး ဘဏ်တခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က အမေရိကန်သံရုံးအနီးရှိ ဘဏ်တခုမှာ သြဂုတ် ၂၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ကဘူးလ်ဘဏ်ခွဲတခုရဲ့ အဆောက်အဦဝင်ပေါက်ကို ထိခိုက်ခဲ့တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်  နာဂျစ်ဒန်းနစ်ရှ်က ပြောကြားပါတယ်။

“ပေါက်ကွဲတဲ့အချိန်တုန်းက ကျနော်တောင် ဘဏ်ထဲကို ဝင်ခါနီးဖြစ်နေပြီ။ ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း ရဲက ဖောက်ခွဲတိုက်ခိုက်တဲ့သူတွေကို ပစ်ခတ်တယ်။ ဘာတွေဆက်ဖြစ်သလဲတော့ ကျနော်လည်း မသိတော့ဘူး” လို့ မျက်မြင်တွေ့သူတဦးဖြစ်တဲ့ ဆာယက်အာဂျန်က ပြောပါတယ်။

ပေါက်ကွဲမှုကျူးလွန်ခဲ့တဲ့ လက်သည်ကတော့ အခုထိ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ အခုသီတင်းပတ်အကုန် ကျင်းပပြုလုပ်မယ့် မွတ်ဆလင်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ရုံးပိတ်ရက်မတိုင်မီ ဘဏ်တွေမှာ ငွေသွင်းငွေထုတ်သူတွေနဲ့ လူရှုပ်နေချိန်မှာ အခုလို ပေါက်ကွဲမှုဖြစ်ခဲ့ တာလည်း ဖြစ်ပါတယ်။

(DVB)