အခွန်တံဆိပ်ခေါင်း မကပ်နိုင်သေး၍ ရွှေဝယ်ခွန် မကောက်နိုင်သေး

အခွန်ကောက်ဥပဒေ အသက်ဝင်ပြီး တစ်လကျော်ကြာသည့်တိုင် အခွန်တံဆိပ်ခေါင်း မကပ်နိုင်၍ ရွှေဆိုင်များ အခွန်ကောက်၍ မရသေးကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။

အခွန်ကောက်ခံရမည့် ပုံစံကို အခွန်ဌာနက ညွှန်ကြားထားခြင်းမရှိသောကြောင့် အခွန်မကောက်နိုင်ခြင်း ဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာဦးမော်က ပြောသည်။ ‘‘ကျွန်တော်တို့ အခွန် ကောက်ပြီး ဘယ်ပေးရမှန်းမသိဘူး။ ဘယ်လိုကောက်ရမှန်းလည်း မသိဘူး။ ဘယ်လိုပြောကောက်ရမှန်း မသိဘူး။ ဒါကြောင့် ကောက်လို့မရသေးဘူး’’ ဟု ၎င်းက ဆက် လက်ပြောကြားသည်။

ဥပဒေအရ အခွန်ကောက် သူအချို့ရှိသော်လည်း အခွန်တံဆိပ်ခေါင်းမကပ်နိုင်၍ ၀ယ်ယူသူများက ဆိုင်ရှင် များကို အစိုးရထံ အခွန်အမှန်တကယ်ရောက်၊ မရောက်မေးမြန်းမှုများ ကြုံတွေ့နေ ရကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ပြောသည်။

‘‘ဒီလလယ်ရမယ်လို့ ပြောတယ်။ တံဆိပ်ခေါင်းတွေ မရသေးတော့ ကောက်လို့ အဆင်မပြေဘူး။ ဒါကြောင့် တချို့ဆိုင်တွေက ကောက်တယ်။ တချို့ဆိုင်တွေက မကောက်ကြသေးဘူး။ ကျွန်တော် တို့ဆိုင်က မကောက် သေးဘူး’’ ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ရွှေဆိုင်များတွင် အခွန်ကောက်ခံခြင်းကို ယခင် စနစ်ဟောင်းအတိုင်း ကောက် ခံစေသော်လည်း မေလကုန်တွင် စနစ်သစ်အရ တံဆိပ်ခေါင်းခွန်ဖြင့် ကောက်ခံရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ လက်ဝတ်ရတနာ ရွှေထည်ဝယ်ယူသူများသည် အခွန် ၁ ရာခိုင်နှုန်းနှင့် အခေါက်ရွှေဝယ်ယူသူများသည် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည်ဖြစ်သည်။

အခွန်စနစ်ဟောင်းတွင် ရွှေဆိုင်များ၏ ရောင်းအားကို တွက်ချက်၍ ဆိုင်ရှင်က အခွန်ဆောင်ရခြင်းဖြစ်သည်။ လက်ရှိ အခွန်ကောက်ခံမည့်စနစ်သစ်တွင် အခွန်တံဆိပ်ခေါင်းများကပ်၍ ရွှေထည် လက်ဝတ်ရတနာ ၀ယ်ယူသူက ၀ယ်ယူသည့် ပမာဏပေါ်မူတည်၍ ၁ ရာခိုင်နှုန်း အခွန်ဆောင်ရမည်ဖြစ်သည်။

အဆိုပါ ရွှေခွန်အတွက် အခွန်တံဆိပ်ခေါင်းများကို ကျပ် ၅၀ တန်မှ ၁၀,၀၀၀ တန်အထိ ရောင်းချမည် ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။

# 7 Day