လောက်ကိုင်တွင် အစိုးရရုံးများ ယနေ့ပြန်ဖွင့်မည်

လောက်ကိုင်ဒေသ တည်ငြိမ်လာ၍ အစိုးရရုံးများ ယနေ့ပြန် ဖွင့်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း ကာ မြို့တွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နေရာယူထားသော တောင်ကုန်းများကို တပ်မတော် က သိမ်းယူ ပြီးနောက် လောက်ကိုင်ဒေသ တည်ငြိမ်လာ၍ ယနေ့ (ဧပြီ ၃ ရက်)က စတင်ကာ အစိုးရရုံးများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများ ရှင်းလင်းရန် ဌာနဆိုင်ရာ ဝန်ထမ်းများက ဧပြီ ၂ ရက် (တနင်္ဂနွေနေ့) တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

‘‘လောက်ကိုင်အတွင်းပိုင်း အစိုးရရုံးတွေ ပြန်လည်ပတ်မယ်။ ဧပြီ ၂ ရက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာပြီး မြို့တွင်းမှာ သန့်ရှင်းရေးလုပ်တယ်။ တိုက်ပွဲက မရှိတော့ဘူး’’ ဟု လောက်ကိုင်ဒေသမှ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့တွင်းတွင် အစိုးရရုံးများ ပြန်ဖွင့်သော်လည်း တရုတ်နိုင်ငံနယ်စပ်နှင့် ကပ်လျက်ရှိသော ရန်လုံကျိုင်းလမ်းကို လုံခြုံရေးအခြေအနေအရ ပိတ်ထားဆဲဖြစ်သည်။ ရန်လုံကျိုင်းနယ်စပ်နေရာသည် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

‘‘ဒေသဦးစီးရုံးကလည်း အေးချမ်းပါပြီ၊ မိမိတာဝန် ပြန်လည်ထမ်းဆောင်ကြပါဆိုပြီးတော့ အကြောင်းကြား လို့ တနင်္လာနေ့ စရုံးတက်မယ်။ တိုက်ပွဲတွေ ပြန်မဖြစ်ဘဲ ဒေသအေးချမ်းဖို့လိုတယ်။ မဟုတ်ရင် ရုံးလုပ်ငန်း တွေ နှောင့်နှေးတယ်’’ ဟု လောက်ကိုင်မြို့မှ ဝန်ထမ်းတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်နေချိန်တွင် ရုံး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လားရှိုးမြို့နှင့် နီးစပ် ရာမြို့အချို့၌ ယာယီရုံးခန်းများ ဖွင့်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးကပြောသည်။ လုံခြုံရေးစိတ်မချသေးသော အခြေအနေဖြစ်၍ လောက်ကိုင်တွင် တာဝန် ပြန်လည်ထမ်းဆောင်ရန် စိုးရိမ်မှုများ ရှိနေဆဲဟု ဝန်ထမ်း အချို့ကပြောသည်။

# 7 Day Daily