အမ်း၌ မဲရုံလုံခြုံရေးနှင့် အခြားကိစ္စရပ်များအတွက် ရဲအင်အား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်မည်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမ်း မဲဆန္ဒနယ်မြေတစ်ခုတည်းသာရှိပြီး ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေးနှင့် အခြားကိစ္စရပ်များ အတွက် ရဲအင်အား ၂၂၀ ကျော်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလုံခြုံရေးဆောင်ရွက်ရာတွင် မဲလုံခြုံရေးအတွက် မဲရုံပေါင်း ၁၃၇ ရုံအတွက် ရဲဝန်ထမ်းပေါင်း ၁၁၉ ဦးကို ခန့်အပ် တာဝန်ပေးထားပြီး၊ လှည့်ကင်းဆောင်ရွက်ရန်အတွက် ရဲအရာရှိ ၂၅ ဦးအပါဝင် အခြား ရဲဝန်ထမ်း ၇၆ ဦးတို့ကိုပါ ခန့်အပ်တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“မဲရုံလုံခြုံရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဲပေးနေစဉ်ကာလအတွင်းမှာလည်း လုံခြုံရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံရေးကို အပိုင်းနှစ်ပိုင်းခွဲပြီးတော့ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။ မဲရုံလုံခြုံရေးနဲ့ မဲရုံလှည့်ကင်းလုံခြုံရေး ဖြစ်ပါတယ်။” ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးက ပြောသည်။

ယင်းအပြင် အမ်းမြို့မဲဆန္ဒနယ်မြေကို အပိုင်း ၄ ပိုင်းခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ အမ်းမြို့ပေါ် ရပ်ကွက်များ အတွင်းရှိ မဲရုံများတွင် လုံခြုံရေးအင်အား ၃၈ ဦး၊ ကုဇူးကိုင်းကျေးရရွာတွင် ၆ ဦး၊ ဒါးလက် ကျေးရွာအုပ်စုတွင် ၁၄ ဦး၊ တပ်တောင်မြို့တွင် ၃၃ ဦး၊ ရူးကျေးရွာတွင် ၉ ဦး၊ ကျောက်မြောင်းကျေးရွာတွင် ၇ ဦးနှင့် ညောင်းချောင်းကျေးရွာတွင် ၉ ဦး တို့ကို လုံခြုံရေးတာဝန်များ ဆောင်ရွက်နိုင်ရန်အတွက်  စီစဉ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ အခုလိုလုံခြုံရေးကို ဆောင်ရွက်တဲ့အခါ အမ်းမြို့နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါဝင် သံတွဲခရိုင်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်တွေက ထပ်မံအင်အားဖြည့်ပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ် ပါတယ်”ဟု ၄င်းကပြောသည်။

အမ်းမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသည့်အတွက် မဲပုံးများအား သယ်ပို့ရာ လမ်း ကြောင်းများတွင်လည်း လုံလောက်သည့် ရဲအင်အားများဖြင့် သက်ဆိုင်ရာ ကျေးလက်ကော်မရှင်အဖွဲ့ခွဲများ အထိ လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Mizzima  Burmese