ငလျင်လှုပ်ခတ်မှုကြောင့် တိုက်ကြီးမြို့ရှိ စေတီ၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူ (၂ဝ)ကျော် ဆေးရုံတင်ပို့ထား

ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီးမြို့ရဲ့အနောက်-အနောက်တောင်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် တိုက်ကြီးမြို့ရှိ စေတီ၊ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူ (၂ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ပို့ထားရတယ်လို့ တိုက်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူးပြောပြချက်အရ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် စေတီတစ်ဆူရဲ့မုခ်ဦးပြိုကျ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူအချို့ မူးလဲမှုကြောင့် တိုက်ကြီးမြို့နယ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးကျော်စိုးလွင်က ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမုခ်ဦးနဲ့ အုတ်နံရံတွေ၊ ဘာသာရေး အဆောက် အအုံအချို့သာ ပျက်စီးသွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ဦးရေ (၂ဝ)ကျော် ဆေးကုသမှု ခံယူနေရ တယ်လို့ တိုက်ကြီးမြို့နယ် BG သွေးအကူအညီပေးရေးတာဝန်ခံ ကိုသက်ဦးက ပြောပါတယ်။

လှုပ်ခတ်သွားတဲ့မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို သိရှိနိုင်ဖို့ တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ ရုံးကိုဆက်သွယ်တဲ့အခါ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ မှော်ဘီနဲ့ တိုက်ကြီးမှာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ရီလကုန်အထိ ငလျင်လှုပ်ခတ်မှုက အသေးစားလှုပ်ခတ်မှုတွေ (၄)ကြိမ် လှုပ်ခတ်ခဲ့ပြီး အခုလှုပ်ခတ်မှုဟာ ငလျင်အလတ်စား စတင်လှုပ်ခတ် တာဖြစ်သလို ငလျင်ပြတ်ရွေ့များရွေ့လျားမှုကြောင့် ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားပါက အနီးနားမှာရှိတဲ့ ကုတင်နဲ့စားပွဲကဲ့သို့ အမာခံပစ္စည်းတွေနားမှာ ပုန်းခိုသင့် သလို အထပ်မြင့်အဆောက်အဦးတွေပေါ်မှာ နေထိုင်ပါက ဓါတ်လှေကားသုံးစွဲတာနဲ့ လှေကားတွေကို ပြေးဆင်းတာတွေကို ရှောင်ကြဉ်သင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းကပြောပါတယ်။

တိုက်ကြီးမြို့ရဲ့ အနောက်-အနောက်တောင်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် ရန်ကုန်တိုင်းသာမက မြေပျော့မြေနိမ့်ပိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး အထိပါ ငလျင် လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။

Central News Bureau