အရည်အချင်း ပြည့်မီသည့် လူမျိုးများအား ပြည်နယ်သစ် ဖော်ထုတ်ခွင့်ပေးရန် ပအိုဝ်းနိုင်ငံရေး ဆွေးနွေးပွဲက အဆိုပြု

ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲပါက အရည်အချင်း ပြည့်မီသည့်လူမျိုးများအား ပြည်နယ်သစ် ဖော်ထုတ် ခွင့်ကို ဥပဒေနှင့်အညီ ပြဋ္ဌာန်းပေးရန် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက အဆိုပြုကြောင်း ပအိုဝ်း လက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများ ဆွေးနွေးပြီး ပအိုဝ်းတိုင်းရင်းသားများ၏ သဘောထားစုစည်းချက် ရယူရာ စုစုပေါင်း အချက် ၄၀ ကျော် ရရှိသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

‘‘ဥပဒေရှုထောင့်ကနေ တင်ပြတာတွေရှိပါတယ်။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုထူထောင်မလဲ ဆိုတဲ့နေရာမှာ လူမျိုးအခြေခံတဲ့ ပြည်နယ်နဲ့ ပထဝီအခြေခံတဲ့ ပြည်နယ်အတူတကွ ပူးတွဲပြီးတော့ ပါဝင်ဖို့နဲ့ အဲဒီ ပြည်နယ်တွေမှာ လိုအပ်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၊ အမျိုးသားဒေသတို့ စသဖြင့် အဆင့်အလိုက် ပြည်နယ်ထဲမှာရှိနေတဲ့ လူမျိုးစုတွေကိုလည်း ထပ်မံပြီးတော့ အခွင့်အရေးပေးဖို့ အဲဒါတွေလည်းပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ပေါ်ရင်လည်း အဲဒီမှာ ဥပဒေနဲ့အညီ အရည်အချင်းပြည့်မီတဲ့ လူမျိုးတွေကို ပြည်နယ်အသစ်တွေ ဖော်ထုတ် ခွင့်ဥပဒေနဲ့အညီ ပြဋ္ဌာန်း ပေးဖို့ပါ။ ‘ဝ’သော်လည်းကောင်း၊ ပလောင်သော်လည်းကောင်း၊ ပအိုဝ်းသော်လည်းကောင်း၊ လားဟူသော် လည်း ကောင်း၊ ပြည်နယ်မရှိသေးတဲ့ လူမျိုးတွေအတွက် ကြိုးစားမှုနဲ့ တစ်ဖက်ကလည်း အခွင့်အရေးရှိတယ် ဆိုတာ ဖော်ပြတဲ့ပုံစံပေါ့။ အဲဒါကို ကျွန်တော် တို့ အဆိုတင်ထားတာရှိပါတယ်’’ ဟု ပြောသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ရှမ်း(တောင် ပိုင်း)၊ မွန်၊ ကယား၊ ကရင်ပြည် နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နယ်စပ်ဒေသရှိ လူထုကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့ (ရလလဖ)၊ CSOs အဖွဲ့အစည်းများ အပါအဝင် ၇၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

# 7 Day Daily