၈ ရက်ကြာ တိုက်ပွဲတွေအတွင်း ဆီးရီးယားမှာ လူ ၁ သိန်းနီးပါး အိုးအိမ်မဲ့ဖြစ်

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အကြား တိုင်းပြည်အလယ်ပိုင်း Hama ခရိုင်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၁ သိန်းနီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

14263958_1247104738653855_2589918568200430065_n

Hama ဒေသက ရောက်လာကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူ ထက်ဝက်လောက်ဟာ ဒေသတွင်း သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အနီးနား Idlib ဒေသက ရောက်လာကြသူတွေ ဖြစ်တယ်လို့ ဒုက္ခသည်စခန်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ရရှိတဲ့စာရင်းတွေအရ သိရှိရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးရုံး OCHA က ပြောပါတယ်။

တချို့ကတော့ အစိုးရထိန်းချုပ်ထားတဲ့ Hama မြို့ကို ထွက်ပြေးခဲ့ကြပြီး အဲဒီမှာ ဗလီ ၄ ခုကို ယာယီ ခိုလှုံရေး စခန်းတွေအဖြစ် ဖွင့်လှစ်ထားကြောင်း OCHA က ပြောပါတယ်။ Hama မြို့နယ်အတွင်းက ကျေးလက်ဒေသ တွေမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ စာသင်ကျောင်းတွေကိုလည်း ခိုလှုံရေးစခန်းတွေအဖြစ် ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ခိုလှုံစရာ နေရာအလုံအလောက် မရှိတဲ့အတွက် တချို့နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ Idlib က ပန်းခြံတွေထဲမှာ အမိုးအကာ မရှိဘဲ အိမ်နေကြရတယ်လို့ OCHA အဖွဲ့က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)



Leave a Reply