နှစ်နိုင်ငံတပ်မတော်ကြား ဆက်ဆံရေးပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်ပြောကြား

မြန်မာနှင့်တရုတ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်တို့အကြား ဆက်ဆံရေးကို ယခုထက် ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံရာ၌ ပြောကြားကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌတို့သည် စက်တင်ဘာ ၆ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

တွေ့ဆုံမှုတွင် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေး၌ ကြုံတွေ့ရသည့်အခက်အခဲများကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်း ကျော်လွှားနိုင်သည်ကို သမိုင်းတွင်တွေ့ရကြောင်း၊ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအလေးထားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟု ယင်းဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုအတွက် အရေးပါသကဲ့သို့ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိခြင်းသည် တရုတ်နိုင်ငံအတွက် အထောက်အကူပြုကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ဖော်ပြချက်တွင် ပါရှိသည်။

တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် သတင်းအချက်အ လက်ဖလှယ်ခြင်း၊ လေ့ကျင့်ရေး သင်တန်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ခြင်းနှင့် နယ်စပ်ဒေသစီမံခန့် ခွဲရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း၊ ယခုခရီးစဉ် သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား အားသစ်လောင်းသည့် ခရီးစဉ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဖော်ပြချက်၌ ထည့်သွင်းထားသည်။

ထို့အပြင် တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးတိုးမြှင့်ရန် ကိစ္စရပ်များ၊ တရုတ်တပ်မတော် အနေဖြင့် မြန်မာ့တပ်မတော်ကို အကူအညီပေးမည့်ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တပ်မတော်အကြီးအကဲများ အပြန်အလှန်ချစ် ကြည်ရေးခရီးလည်ပတ်မှု၊ အပြန်အလှန် သတင်း အချက်အလက် ဖလှယ်မှု၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ဖော်ပြချက်အရသိရသည်။

# 7 Day Daily


Leave a Reply