မက္ကဆီကိုမှ ပြန်လာပြီးနောက် ဒေါ်နယ်ထရန့်က တရားမ၀င်ရွှေ့ပြောင်းမှုကို ထပ်မံရှုတ်ချ

ရီပက်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်သည် မက္ကဆီကိုမှ ပြန်လာပြီးနောက် သြဂုတ် ၃၁ ရက်တွင် ရွှေ့ပြောင်း အခြေချမှုကို ဆန့်ကျင်သည့်တင်းမာသော  သတိပေးချက်တစ်ရပ်ကို ထုတ်ြပန်ခဲ့သည်။ ထရန့်က အမေရိကန်အတွင်းသို့ တရားမ၀င်  ဖြတ်ကျော် ၀င်ရောက်လာသူများအနေဖြင့်  မည်သည့်အခါမျှ တရားဝင် အနေအထားကို ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

1_65

ယင်းသည် ထရန့်က ယင်းနေ့အစောပိုင်းတွင် မက္ကဆီကိုသမ္မတ အင်းနရစ်ပီညာနစ်တိုနှင့် တွေ့ဆုံသည့်အခါ တရားမ၀င် ရွှေ့ပြောင်းအခြေချမှုများအား နှိမ်နင်းရန်အစီအစဉ်ကိုချပြသည့် တင်းမာသောကြေညာချက်များအနက် တစ်ခုဖြစ်သည်။
“ကျွန်တော်တို့ ခိုလှုံခွင့် တောင်းခံခြင်းနဲ့ တရားမ၀င် ရွှေ့ပြောင်းအခြေချခြင်း သံသရာလည်နေမှုကို ချိုးဖျက်ရမယ်”  ဟု ထရန့်က ဖီးနစ်မြို့၌ လူအုပ်ကြီးအား ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချမှု အကြောင်းအရာသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ပြိုင်ဆိုင်ရာ၌ ထရန့်၏ အမှတ်လက္ခဏာဖြစ်ပြီး တရားမ၀င် နယ်ခြားဖြတ်ကျော် ၀င်ရောက်မှုများနှင့် နိုင်ငံအတွင်း အထောက်အထား စာရွက်စာတမ်းမရှိသူများ၏ မတော်တရော် အပြုအမူများကို အဆုံးသတ်ရန် အတွက် ထရန့်က တင်းမာသည့် အချက် ၁၀ ချက်ပါဝင်သော အစီအစဉ်တစ်ရပ်ကို ချပြခဲ့သည်။

“ကျွန်တော်တို့က ကမ္ဘာကြီးကို ပေးချင်တဲ့ မက်ဆေ့ခ်ျက ဒီလိုပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ နည်းနဲ့တော့ တရားဝင် အနေအထား မရနိုင်ဘူးဆိုတာနဲ့ အမေရိကန်နိုင်ငံသား ဖြစ်လာမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီလိုနေ့တွေက ကုန်ဆုံးသွားပါပြီ”  ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ပီညာနစ်တိုအား သူ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက အမေရိကန်- မက္ကဆီနယ်စပ်၌ မဟာတံတိုင်းကြီး တည်ဆောက်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ပြီးနောက် မကြာမီမှာပင် ယခုကဲ့သို့ ရွှေ့ပြောင်း အခြေချမှုနှင့် ပတ်သက်သည့် သူ၏ တင်းမာသော သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘီလျံနာသူဌေးဖြစ်သူ ရီပက်ဘလီကင် သမ္မတလောင်းထရန့်၏ အစီအစဉ်တွင် ပြစ်မှုမှတ်တမ်းများရှိသော ရွှေ့ပြောင်း အခြေချသူများကို ပြန်ပို့ရန်၊ အထောက်အထား မရှိသည့် ရွှေ့ပြောင်းအခြေချသူ သန်းနှင့်ချီ လျက်ကို ကာကွယ်ထား သော သမ္မတဘာရက်အိုဘားမား၏ အမိန့်ကြော်ငြာစာများကို ဖျက်သိမ်းရန်နှင့် အထောက် အထားမရှိသူများကို ဆန့်ကျင်သည့် ခွဲခြားဆက်ဆံမှုများကို တားမြစ်ထားသော ခိုလှုံခွင့်ရှိသည့်မြို့များဟု ခေါ်ဆိုသော နေရာများအား ပြည်ထောင်စုအစိုးရက ရန်ပုံငွေထောက်ပံ့ပေးမှုကို ပိတ်ဆို့ရန်တို့ ပါဝင်သည်။

မက္ကဆီကိုသည် နယ်စပ်ဖြတ်ကျော်သော ရာဇ၀တ်သားများနှင့် မုဒိမ်းသမားများကို စေလွှတ်နေသည်ဟု ထရန့်က ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့ပြီး သူ၏ရွေးကောက်ပွဲ မဲဆွယ်မှုကို စတင်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ပီညာနစ်တိုက ထရန့်သည် နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနှင့် ဖက်ဆစ်ခေါင်းဆောင် ဘီနီတိုမူဆိုနီလီတို့နှင့် ရပ်တည်ချက် တူညီနေကြောင်း တုံ့ပြန်ခဲ့သည်။ # Eleven


Leave a Reply