မြောက်ကိုရီးယားက ဂျပန်ပင်လယ်ဘက်သို့ ဒုံးကျည်သုံးစင်း စမ်းသပ်ပစ်ခတ်

_90439388_mediaitem90439387

မြောက်ကိုရီးယားသည် ဒုံးကျည်သုံးစင်းကို အရှေ့ဘက်ကမ်းလွန် ဂျပန်ပင်လယ်ထဲ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်က ဇူလိုင် ၁၉ မနက်အစောပိုင်းတွင် အဆိုပါ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ကို အတည်ပြုခဲ့သည်။ ထိုဒုံးကျည်များကို မြောက်ကိုရီးယား အနောက်ပိုင်းရှိ ဟွမ်ဂျူးမြို့မှ အရှေ့ဘက်သို့ ဦးတည် ပစ်ခတ်ခဲ့ခြင်းဟု တောင်ကိုရီးယား စစ်ဦးစီး ဌာနက ကြေညာသည်။

အမေရိကန်က အဆိုပါ ဒုံးကျည် သုံးစင်းအနက် ပထမ နှစ်စင်းသည် တာတိုပစ် Scudများ ဖြစ်ကြပြီး နောက်ဆုံး တစ်စင်းမှာမူ တာလတ်ပစ် Rodong အမျိုးအစား ဖြစ်မည်ဟု ခန့်မှန်းထားသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်များကို ကာကွယ်ရန် အမေရိကန်လုပ် THAAD ဒုံးခွင်းဒုံး စနစ်ကို တောင်ကိုရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ယခုလို ဒုံးကျည် ၃ စင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ယခုနှစ်ဆန်းမှစ၍ ဒုံးကျည်များ မကြာခဏ စမ်းသပ်နေခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် စမ်းသပ်ခဲ့သည့် ဒုံးကျည်များမှာ ကီလိုမီတာ ၅၀၀ မှ ၆၀၀ ကြားထိ ရောက်ရှိခဲ့ရာ ယင်း အကွာအဝေးသည် တောင်ကိုရီးယား တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်ထိ ရောက်ရှိနိုင်စွမ်း ရှိနေကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့သည်။

အမေရိကန် စစ်တပ်က ဒုံးကျည်လမ်းကြောင်းများကို လိုက်လံ စောင့်ကြည့်ခဲ့သော်လည်း ပစိဖိတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ခြိမ်းခြောက်မှု မရှိခဲ့ဟု ကြေညာသည်။ မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်၏ THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုသည် ၎င်းတို့အပေါ် ရန်လိုသည့် အပြုအမူ အနေဖြင့် ယူဆကြောင်း နှင့် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားရန် အသင့်ရှိနေကြောင်း ခြိမ်းခြောက်ထားသည်။

Ref: CNA


Leave a Reply