လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကတည်ဆောက်ခဲ့သော မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား ထိုင်း-မြန်မာ အင်ဂျင်နီယာများပူးပေါင်း ၍ ပြုပြင် မွမ်းမံ

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသော မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအား ရေရှည်တည်တံ့ ခိုင်မာစေရေး အတွက် ပြုပြင်မွမ်းမံနေကြောင်း သိရသည်။

အဆိုပါတံတားအား ပြန်လည်ပြုပြင်ရာတွင် ထိုင်းနိုင်ငံရှိ အဝေးပြေးလမ်းမ ဦးစီးဌာန၊ အမှတ် (၁) ချင်းရိုင်းအဝေးပြေးလမ်းမဌာနခွဲ၊ အမှတ် (၁)တံတား လုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ယူကာ နှစ်နိုင်ငံ အင်ဂျင်နီယာများနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို စတင်အကောင် အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်သည်။

“ပြုပြင်ခြင်းလုပ်ငန်းကို ထိုင်းအင်ဂျင်နီယာတွေက သူတို့ရဲ့လုပ်ငန်းသုံးကိရိယာတွေနဲ့ ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံဘက်က လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှုစစ်ဆေးရုံပါ။ လုပ်ငန်းခွင် ပြင်ဆင်ခြင်း၊ တံတားရက်မတွေ မတင်ခြင်း၊ တံတားနဲ့လမ်းပြင်ဆင်ခြင်း၊ ကတ္တရာ ကွန်ကရစ်ခင်းခြင်း နဲ့ လမ်းကြောင်းပြမျဉ်းဆွဲခြင်း စတဲ့ လုပ်ငန်းငါးရပ်နဲ့ မြန်မာဘက်ကို အရင်လုပ်ဆောင်ပြီးမှ ထိုင်း ဘက်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနမှတာဝန်ရှိ သူတစ်ဦးက ပြော သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ အင်ဂျင်နီယာများဖြင့် တံတားအား ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် ဇွန်လကုန်ပိုင်းက ထိုင်းနိုင်ငံမှ စီမံချက်အင်ဂျင်နီယာ နိုင်းထုံချိုင်းချား နုစွမ်နှင့်အဖွဲ့က ကြိုတင် ကြည့်ရှု လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ထိုင်းအင်ဂျင်နီယာ ၂၇ ဦးဖြင့် စတင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသည် ကြိုတင်အားဖြည့် သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ပြီး အရှည် ၂၉၃ ပေ၊ ၄ လက်မ ခွဲ၊ အကျယ် ၂၆ ပေ၊ လူသွားလမ်းအကျယ် တစ် ဖက်ငါးပေစီရှိကာ ၁၉၅၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့သော တံတားဖြစ်ကြောင်း သိရသည်။

Democracytoday


Leave a Reply