ဘာသာရေး အထွဋ်အမြတ် နေရာတွင် ဗုံးခွဲသူများကို အညှာအတာမရှိ ဒဏ်ခတ်သွားမည်ဟု ဆော်ဒီဘုရင်ဆို

ဘာသာရေး အထွဋ်အမြတ် နေရာတစ်ခုတွင် အသေခံဗုံးခွဲမှု ပေါ်ပေါက်ခဲ့သည့်နောက် လက်သည်များကို ရှာဖွေ ဖော်ထုတ်ပြီး အညှာအတာမရှိ ဒဏ်ခတ်သွားမည်ဟု ဆော်ဒီ အာရေးဘီးယား ဘုရင်က ပြောကြားခဲ့သည်။

35F4362700000578-3674113-image-a-31_1467670229330

ရာမာဒန်ကာလ ဝတ်ပြုသူများ စည်ကားနေစဉ် ဇူလိုင် ၄ ရက် ညနေပိုင်းက မီဒီနာရှိ တမန်တော် မိုဟာမက် ဗလီကြီးအနီးတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးဝန်ထမ်း ၄ ဦး အသက်ဆုံးရှုံးခဲ့သည်။

မီဒီနာသည် အစ္စလာမ်ဘာသာရေးတွင် မက္ကာအပြီး ဒုတိယမြောက် အထွဋ်အမြတ် မြို့တစ်မြို့ဖြစ်သည်။ ဆော်ဒီ သည် ၂၄ နာရီအတွင်း အသေခံ ဗုံးခွဲမှု ၃ ကြိမ်နှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းဖြစ်ရပ် မတိုင်မီ ၂ ကြိမ်တွင်မူ လူအသေ အပျောက်မရှိခဲ့ချေ။

ဆော်ဒီဘုရင် ဆော်လ်မန်က “ကျုပ်တို့ရဲ့ လူငယ်တွေ စိတ်အတွေးကို၊ ခံယူချက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဘယ်သူ့ကိုမဆို အညှာအတာမရှိ ဒဏ်ခတ်သွားမယ်”ဟု ကတိပြုခဲ့သည်။ ရာမာဒန်ကာလအပြီး အိဒ်အထိမ်း အမှတ် မိန့်ခွန်းတွင် ဘုရင်ကြီးက ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။

ဆွန်နီ အစ္စလာမ်မစ် အဓိကနိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီတွင် ယခုလိုဗုံးခွဲတိုက်ခိုက်ခဲ့မှုအတွက် မည်သည့် အဖွဲ့ အစည်းကမျှ ၎င်းတို့ လက်ချက်အဖြစ် မကြေညာခဲ့ချေ။

ဆွန်နီအစွန်းရောက် စစ်သွေးကြွအုပ်စုတစ်ခုဖြစ်သည့် အိုင်အက်စ်တို့သည် ယခုလို အသေခံဗုံးခွဲမှုမျိုးကို ရှီးဟိုက် မွတ်ဆလင်များနှင့် ဆော်ဒီလုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကျူးလွန်လေ့ ရှိသည်။

အိုင်အက်စ်တို့သည် ဆော်ဒီတွင် တော်ဝင်မိသားစု၏ ကြီးစိုးအုပ်ချုပ်နေမှုကို တွန်းလှန်နန်းချသွားမည်ဟု ကြွေးကြော်ခဲ့ ဖူးကြောင်းလည်း သိရှိရသည်။

7 Day Daily


Leave a Reply