တရုတ်သမ္မတဟောင်း၏ အနီးကပ် အကြံပေးတဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

Ling-Jihua-Reuters

တရုတ်သမ္မတဟောင်း ဟူကျင်တောင်ရဲ့ အနီးကပ် အကြံပေးတဦးကို လာဘ်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ဇူလိုင် ၄ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။

သမ္မတရဲ့ အကြံပေး လင်းဂျီဟွာ (Ling Jihua) ရဲ့ အဂတိလိုက်စားမှုတွေဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိခိုက်တယ်ဆိုပြီး ပါတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စတင်စစ်ဆေးခဲ့တာပါ။

သူ့ရဲ့သားတဦး ဇိမ်ခံကားတိုက်မှုကြောင့် သေဆုံးခဲ့ပြီး လပိုင်းအကြာမှာ လင်းဂျီဟွာကို ရာထူးက ချခဲ့တာပါ။

အခုနောက်ဆုံး တရားရုံးကြားနာမှုတွေကို ဇွန်လ ၇ ရက်နေ့က နိုင်ငံအရှေ့ပိုင်း တီယန့်ဂျင်မြို့ တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

လင်းဟာ သူ့အပေါ်စွဲတဲ့ အမှုတွေကို လက်ခံပြီး ချေပခုခံတာတွေလည်း မလုပ်ခဲ့ဘူးလို့ အစိုးပိုင် ဆင်ဟွာသတင်းက ဆိုပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လင်းကိုယ်တိုင်ရဲ့ တုံ့ပြန်ပြောဆိုမှုလည်း မရရှိခဲ့သလို သူ့ရဲ့ရှေ့နေက ဘယ်သူဖြစ်တယ်၊ ဘယ်သူက ငှားရမ်းပေးတယ် ဆိုတာတွေလည်း အသေအချာ မသိရပါဘူး။

(ရိုက်တာ)


Leave a Reply