၂၁ ရာစု ပင်လုံညီလာခံ သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ကျင်းပရန် ဆုံးဖြတ်

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်ထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း တက်ရောက်သူများက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း သဘော တူခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ဆိုသည်။

“သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျစေဘဲကျင်းပဖို့ ဒီနေ့အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ် တယ်”ဟု ၎င်းက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ ယခင်ဦးသိန်းစိန်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ စိုင်းဘောင်ခေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ပူးဇင်ကျုံး၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) မှ ဦးခိုင်စိုးနိုင်အောင်၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ နော်ကပေါ် ထူးနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများတပ်ဦး (ABSDF) မှ ဦးသံခဲတို့ တက်ရောက်ခဲ့ကြောင်း အစည်းဝေး မှတ်တမ်းများအရ သိရသည်။

The Voice


Leave a Reply