Women’s PGA Championship ဂရင်းစလင်းဂေါ့ဖ်ပြိုင်ပွဲတွင် ဟန်ဒါဆန် အနိုင်ရ

13407010_1726595610926656_2719210957604890635_n

၂၀၁၆ ရာသီ LPGA Tour အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲ၏ ဒုတိယမြောက် ဂရင်းစလင်း ပြိုင်ပွဲဖြစ်သည့် KPMG Women’s PGA Championship ပြိုင်ပွဲတွင် အသက် ၁၈ နှစ် အရွယ်ရှိ ကနေဒါနိုင်ငံသူ ဘရွတ်ဟန်ဒါဆန် ကျင်းပိုကစားပြီး ချန်ပီယံဖလား ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို အမေရိကန်နိုင်ငံ ၀ါရှင် တန်ပြည်နယ် ဆမ်မာမစ်မြို့တွင် ဇွန် ၉ ရက် မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး ကမ္ဘာ့အဆင့် ၁ ကစားသမား လီဒီယာကို၊ လက်ရှိ ချန်ပီယံ အင်ဘီးပက်၊ ဆူဇန်ပတ်တာဆန်၊ အန်နာ နော့ဗစ်စသည့် နာမည်ကြီး ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဟန်ဒါဆန်သည် ပထမနေ့တွင် လျှော့ရိုက်ချက် လေးချက်အထိ ရိုက်နိုင်ခဲ့ပြီး ထိပ်ဆုံးနေရာတွင် ဦးဆောင်ခဲ့ သော်လည်း ဒုတိယနေ့နှင့် တတိယနေ့တွင် သတ်မှတ် ရိုက်ချက်ထက် နှစ်ချက်စီပိုကာ ၇၃ ချက်သာ ရိုက်နိုင်ခဲ့သည်။

နောက်ဆုံးနေ့တွင်မူ အကောင်းဆုံးလက်စွမ်းရရှိခဲ့ပြီး လျှော့ ရိုက်ချက် ခြောက်ချက်အထိ ရိုက်နိုင်ခဲ့သောကြောင့် ပြိုင်ပွဲအပြီးတွင် စုစုပေါင်းရိုက်ချက် ၂၇၈ ချက်၊ လျှော့ရိုက်ချက် ခြောက်ချက်ဖြင့် လီဒီယာကိုနှင့် ရိုက်ချက် တူညီသွားခဲ့သည်။

ထို့ကြောင့် ကျင်းပို (Play-offs) ကစားပြီး အဆုံးအဖြတ်ခံယူရာ ဟန်ဒါဆန်က ပထမဆုံး ကျင်းမှာပင် အနိုင်ရပြီး ချန်ပီယံဖလားဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။

ဟန်ဒါဆန်သည် ၂၀၁၄ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အဖြစ် စတင်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားဘ၀ ဒုတိယမြောက် LPGA ဖလား ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။ ဟန်ဒါဆန်သည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ဆုကြေး ဒေါ်လာ ၅၂၅၀၀၀ ရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲ၌ ထိပ်ဆုံးသုံးဦးစာရင်း ရပ်တည်နိုင်သူများမှာ အသက် ၂၀ နှစ်နှင့် အောက်သာရှိခဲ့ကြောင်း သိရသည်။

Photo: AFP    /  (Eleven Sport)


Leave a Reply