မိမိတို့ကို ထိပါးမလာလျှင် နျူကလီးယားလက်နက် မသုံးဟု ကင်မ်ဂျုံအန်းဆို

မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးမလာလျှင် နျူကလီးယားလက်နက်များကို ထုတ်သုံးမည် မဟုတ်ဟု ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား အစိုးရသတင်းဌာနက နိုင်ငံခေါင်းဆောင်သည် ကျင်းပခဲ့သည့် အာဏာရပါတီ ညီလာခံတွင် ယခုလို ပြောဆိုသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ သဘောတူညီမှုကို ဆန့်ကျင်ပြီး ၂၀၀၆ ခုနှစ်တွင် ပထမဆုံးသော နျူကလီးယား လက်နက်အဆင့် ဖျက်အားပြင်း လက်နက်ကို စမ်းသပ်ခဲ့သည်။

လက်ရှိအချိန်ထိ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်နည်းပညာနောက် အာသာငမ်းငမ်း လိုက်နေမှုများကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က အထူးတလည် စိုးရိမ်နေသည်။ မြောက်ကိုရီးယားကလည်း ရန်သူတော် နှစ်နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်သွားမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။

အာဏာရ ကွန်မြူနစ်ပါတီ၏ ညီလာခံတွင်မူ ကင်မ်က ၎င်းအနေဖြင့် မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်မှုများ ရှိမလာလျှင် နျူကလီးယား လက်နက်များကို ထုတ်သုံးရန် စိတ်ကူးမရှိဟု အခိုင်အမာ ပြောဆိုသွားကြောင်း သိရသည်။ လတ်တလောတွင်မူ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာ ဇုန်နေရာတွင် နောက်ထပ် နျူကလီးယား လက်နက်တစ်ခု စမ်းသပ်ရန် လှုပ်ရှားပြင်ဆင်မှုများ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ် နေသည်။

ကင်မ်သည် တောင်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပိုမိုပြုလုပ်ပြီး နှစ်နိုင်ငံ ယုံကြည်နားလည်မှု မြှင့်တင်ရန် လိုလားသည် ဟုလည်း ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ဖော်ပြခဲ့သည်။ ထို့အပြင် ရေရှည်တွင် တစ်ကမ္ဘာလုံး နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးတွင် မြောက်ကိုရီးယားက ပူးပေါင်းပါဝင်ရန် လိုလားသည်ဟု လည်း ကင်မ်က ဆိုသည်။

မြောက်ကိုရီးယား၏ ပါတီညီလာခံသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီမူဝါဒပိုင်းများကို ပြင်ဆင်သုံးသပ်ရန်၊ ပါတီတွင်း ရာထူးနေရာများ ပြောင်းလဲဖွဲ့စည်းရန် အစရှိသည်တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်းဟုလည်း KCNA က ဖော်ပြခဲ့သည်။   -Ref: BBC


Leave a Reply