ဖိလစ်ပိုင် ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ စတင်

ရွေးကောက်ပွဲဝင် ဖိလစ်ပိုင်သမ္မတလောင်း (၅) ဦး

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေကို ယနေ့ (မေလ ၉ ရက်) မှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မဲရုံတွေကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ တာဝန်ရှိ သူတွေက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို အစောဆုံးအဖြစ် တနင်္လာနေ့ ညပိုင်းမှာ သိရှိနိုင်ဖွယ်ရှိကြောင်းနဲ့ အပြီးသတ် ရလဒ်များမှာ ရက်နဲ့ချီ ကြာမြင့်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ ပြုလုပ်တဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ သမ္မတအပြင် နိုင်ငံရဲ့ ဒုတိယသမ္မတ၊ လွှတ်တော်နှစ်ရပ်ရဲ့ အမတ်များနဲ့ မြို့တော်ဝန်များ ကိုလည်း ဖိလစ်ပိုင်ပြည်သူတွေက မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်ရွေးကောက်ပွဲများ ကျင်းပရာမှာ အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့ စိုးရိမ်မှုများ ရှိနေပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ကျော်က နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်ယူထားပါတယ်။ ဖိလစ်ပိုင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့ပြင် စနေနေ့ကလည်း မြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ဖိလစ်ပိုင် တောင်ပိုင်း မှာ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ပြည်မြန်မာ

 


Leave a Reply