နိုင်ငံတစ်ဝန်းရှိ အလုပ်သမားသုံးသိန်းကျော်ကို ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံသားကတ်များ ပြုလုပ်ပေးမည်

_SAI5253

တစ်နိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် အလုပ်သမား သုံးသိန်းကျော်ကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ယင်းကတ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနနှစ်ခုကို အစိုးရသစ်လက်ထက်တွင် ပေါင်းစည်းလိုက်ပြီးနောက် ဦးစားပေး စီမံချက် တစ်ခုအဖြစ် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အလုပ်သမားများကို ရက် ၁၀၀ အတွင်း ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က 7Day Daily သတင်းစာအား ပြောသည်။

‘‘စီမံချက်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်) မရှိသေးတဲ့သူတွေကို နယ်မြေဆင်းစစ်တမ်း ကောက်ယူမှု တွေကို စတင်လုပ်ဆောင်နေပါပြီ။ တချို့အိမ်ထောင်စုစာရင်းရှိတယ်။ မှတ်ပုံတင်မရှိဘူး။ တချို့က အိမ်ထောင်စုစာရင်း လည်းမရှိဘူး။ မှတ်ပုံတင်လည်း မရှိဘူး။ အဲဒီလူတွေအကုန်လုံးကို စိစစ်ပြီးလုပ်ပေးသွားမှာပါ’’ဟု ၎င်းက ပြောသည်။ အိမ်ထောင်စုစာရင်း မရှိသူများအတွက်လည်း နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်ရေး အခက်အခဲ မရှိစေရန် အထူးအစီအစဉ်ဖြင့် ပြုလုပ်ပေးမည်ဟု ဦးမြင့်ကြိုင်ကပြောသည်။ ‘‘အမှန်ဆို အဲဒီလိုလူတွေက လုပ်ပေးရခက်တယ်။ အခု စီမံချက်မှာတော့ သူတို့နေထိုင်ခဲ့တဲ့ ဒေသကိုစုံစမ်းမယ်။ တကယ် အိမ်ထောင်စု စာရင်းမရှိခဲ့ တာလား။

တကယ်နေထိုင်မှုရှိခဲ့လားဆိုတဲ့ ရပ်မိရပ်ဖတွေရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ရယူပြီး အဆင်ပြေအောင် လုပ်ပေးသွားမယ်’’ဟု ၎င်းက ပြောသည်။ နောက်ဆုံးရရှိထားသည့် စာရင်းအရ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် အလုပ်သမားဦးရေ သုံးသိန်း ကျော်ရှိကြောင်း သတင်းရရှိသည်။ စာရင်းကောက်ယူမှုမှာ ပြီးစီးလုရှိနေပြီး ပြီးသည်နှင့်တစ်ပြိုင်နက် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရန်  စတင်မည်ဟုဆိုသည်။ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင် နေသူ လုပ်သားအများစုမှာ မြန်မာနိုင်ငံ၏ဒေသအသီးသီးမှ လာရောက်လုပ်ကိုင် နေကြသူများဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်မရှိသူ အများအပြားရှိနေ၍ ယခုစီမံချက်သည် ၎င်းတို့အတွက်များစွာ အရေးပါကြောင်း အလုပ်သမား ခေါင်းဆောင်များက ပြောသည်။

‘‘တချို့ အလုပ်သမားတွေဆို အလုပ်လျှောက်ဖို့ လေဘာကတ် လုပ်ရမယ်ဆိုတဲ့ အခါမှာသူ့မှာ မှတ်ပုံတင် မရှိတော့ သူများမှတ်ပုံ တင်ငှားပြီး မှတ်ပုံတင်အတုလုပ်၊ လေဘာကတ် လျှောက်အလုပ်ဝင် နေကြရတာတွေ တော်တော်တွင် ကျယ်နေတာ။ မှတ်ပုံတင်မရှိတဲ့ အခါမှာ အခုအချိန်သာမကဘူး။ နောင် အိမ်ထောင်တွေကျ၊ ကလေးတွေမွေးတဲ့အချိန်ထိ အများကြီး ဒုက္ခရောက်ကြရတယ်’’ဟု အထည်ချုပ် အလုပ်သမား ခေါင်းဆောင်မနီလာဝင်းက ပြောသည်။


Leave a Reply