၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ၀န်ကြီးဦးသိန်းဆွေ ပြောကြား

၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လက်ရှိအစိုးရတွင် အစီအစဉ်မရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

U-Thein-Swe-622x415

အစိုးရသစ်လက်ထက်တွင် နိုင်ငံသားမဟုတ်သူများ နိုင်ငံသားဖြစ်ခွင့် လွယ်ကူစေရန် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်မှုပြုလုပ်နိုင်သည်ဟု အမျိုးသားရေး လှုပ်ရှားသူအချို့၏ ပြောကြားနေမှုအပေါ် ၎င်းက ဇူလိုင် (၂၁) ရက်၌ သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အစိုးရအနေနဲ့ အခုအချိန်ထိ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ်မရှိပါဘူး။ ဥပဒေတစ်ခု ပြင်တယ် ဆိုတာ အလွယ်ပြင်လို့ရတဲ့ ကိစ္စမှမဟုတ်တာ။ အဲဒီကိစ္စအတွက် စိုးရိမ်မှုမရှိကြဖို့ ပြောလိုပါတယ်’’ ဟု ၀န်ကြီးက ပြောကြားသည်။အစိုးရသစ်အနေဖြင့် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို အဆိုပါ ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ခွင့်ပြုနေပြီး လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစိစစ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ တစ်သန်းကျော်ရှိသည့် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှုများ ပြုလုပ်နေ ခြင်းဖြစ်ကာ လက်ရှိအထိ နိုင်ငံသား စိစစ်ခံရမည့် သက် သေခံကတ်ပြားထုတ်ပေးထားသူ ၁၉၉၀ ဦးအား စိစစ်မှုပြုလုပ်ထား သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

‘‘အောက်ခြေအဖွဲ့တွေက စိစစ်တင်ပြချက်အပေါ် အစိုးရကသုံးသပ်ပြီး ဥပဒေနဲ့ကိုက်ညီတဲ့သူကို ဥပဒေပါအတိုင်းပဲ ကတ်တစ်ခုခု ထုတ်ပေးသွားဖို့ စီမံလုပ်ဆောင်နေတာပါ’’ဟု ၎င်းကပြောသည်။

ထိုသို့ ကွင်းဆင်းလုပ်ဆောင်ရာတွင် အဆိုပါ ဘင်္ဂါလီအစုအဖွဲ့က ပူးပေါင်းပါဝင်မှု အားနည်းနေသောကြောင့် စာရင်းရှိဦးရေထက် အနည်းအကျဉ်းကိုသာ စိစစ်မှုပြုလုပ်ထားနိုင်သေးကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ကွင်းဆင်းစိစစ်မှုပြုလုပ်ရာတွင် ယခင်ကကဲ့သို့ အုပ်စုဖွဲ့ ရန်လိုမှုပုံစံများ မတွေ့ရှိရကြောင်း ပြည်ထောင်စု ၀န်ကြီးက လက်ရှိ စီမံချက်အခြေအနေကို ပြောသည်။

7 Day Daily


Leave a Reply