ဘာသာရေး ပဋိပက္ခဖြစ်ပွားမှုကြောင့် ၂၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဘာသာ ရေးပဋိပက္ခဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဂူနန်မီရာပီမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဂူနန်မီရာပီမီးတောင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ ချော်ရည်တွေနဲ့ ပြာရည်တွေ လွှင့်ထုတ်ခဲ့ပြီး ဒီဖြစ်ရပ်ကို မိုင်အနည်းငယ်အကွာကနေတောင် မြင်တွေ့ရပါတယ်။

ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေအရ မီးတောင်ကနေ ထွက်ပေါ်လာတဲ့ ပြာမှုန်တွေဟာ ကောင်းကင်ပေါ်ကို ရောက်ရှိသွားပြီး ချော်ရည်တွေဟာလည်း မီးတောင်ရဲ့ ဘေးဘက်တွေကနေ စီးကျလာခဲ့တာကို မြင်တွေ့ရပါတယ်။

မလေးရှား ၀န်ကြီးချုပ် ရာထူးကနေ ရုတ်တရက် နုတ်ထွက်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မဟာမိတ်အင်အား စုများနှင့် သဘောထားကွဲလွဲခြင်းကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်သော မဟာသီယာမိုဟာမက်သည် ၂ဝ၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ယခင်က အဓိကပြိုင်ဘက်ဖြစ်ခဲ့သော အန်ဝါအီဘရာဟင်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ကမ္ဘာ့သမိုင်း၌ အသက်အကြီးဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် သေဆုံးသူ 2126 ရှိပြီ

ကြာသပတေးနေ့ မနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ 2126 နဲ့ ကူးစက်ဖြစ်ပွားသူ 75725 ရှိပြီး ပြန်လည် ကျန်းမာလာသူ16330 ရှိပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ သေဆုံးမှု ၂.၃% ရှိပါတယ်။ ဒါကြောင့် ကူးစက်ဖြစ်ပွားသူ လူတစ်ထောင်မှာ ၂၃ ဦး သေဆုံးတယ်လို့ ပြောနိုင်ပါတယ်။ သာမန် တုပ်ကွေးရောဂါဖြစ်ပွားသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ လူတစ်ထောင်မှာ တစ်ယောက်နှုန်းပဲရှိပါတယ်။

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာများထဲတွင် ပါဝင်သော အမေဇုန်အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ဂျက်ဖ်ဘီဇော့ဖ်သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်ဖြစ်ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။

ပါကစ္စတန် အသေခံဗုံးခွဲမှု ၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တနလာင်္နေ့က လူအုပ်တွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာလူချစ္စတန် ပြည်နယ်ရဲ့ မြို့တော် Quetta မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုထားတာ မရှိပါဘူး။

သူပုန် ခြေကုပ်စခန်းများကို ဆီးရီးယားအစိုးရတပ်များ ပြန်လည်သိမ်းပိုက်နိုင်

ဆီးရီးယားအစိုးရတပ်တွေဟာ အိဒလစ်နဲ့ အလက်ပိုခရိုင်တွေက သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းတွေကို ထိန်းချုပ်မယ့် စစ်ဆင်ရေးအတွင်း ၆၀၀ စတုရန်း ကီလိုမီတာ ကျော်ရှိတဲ့ ပိုင်နက်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်ပြောခွင့်ရက ပြောပါတယ်။

စစ်ဆင်ရေးအစိတ်အပိုင်းအနေနဲ့ လတ်တလောရက်တွေမှာ ဆီးရီးယား လက်နက်ကိုင် တပ်တွေဟာ မြို့ရွာပေါင်း ဒါဇင်ချီပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်က ပြောပါတယ်။ အိဒလစ်ပြည်နယ်အတွင်း အစိုးရထိုးစစ်ကြောင့် လူအယောက် ငါးသိန်းကျော်ဟာ သူတို့အိမ်တွေကနေ စွန့်ခွာပြီး ပိတ်ထားတဲ့ တူရကီနယ်စပ်ဆီ ထွက်ပြေးခဲ့ကြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၇၀၅ ဘီလီယံကျော် တောင်းခံထား

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၄ ဘီလီယံ တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် လွှတ်တော်သို့ပေးပို့သော အမေရိကန်သမ္မတအိမ်ဖြူတော်၏ အဆိုပြုချက်တစ်စောင်အရ သိရသည်။

အီရန် ဒုံးကျည်စမ်းသပ်မှု မအောင်မြင်

အီရန်နိုင်ငံလုပ် Zafar ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Zafar ဂြိုဟ်တုဟာ လိုအပ်တဲ့အရှိန် မရခဲ့တာကြောင့် ကမ္ဘာပတ်လမ်းအထိ စီစဉ်ထားတဲ့အတိုင်း ရောက်မသွားခဲ့ဘူးလို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာန အာကာသ အစီအစဉ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ahmad Hosseini က ရုပ်သံဌာနကို ပြောခဲ့တာပါ။

သမ္မတ Donald Trump အပြစ်မရှိကြောင်း ကန်အထက်လွှတ်တော် ဆုံးဖြတ်

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ထားပြီး နောက်ဆုံးအဆင့် အရေးယူဖို့ အထက်လွှတ်တော် ဆီးနိတ်မှာမဲခွဲကြတဲ့အခါ အရေးမယူဖို့ဘက်က အနိုင်ရသွားပါတယ်။ မစ္စတာထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီအမတ်တွေ အများစုရှိတဲ့ ဆီးနိတ်လွှတ်တော်က သူအာဏာအလွဲသုံးခဲ့တယ်ဆိုတဲ့စွဲချက်ကို မတင်ဖို့ ၅၂မဲ-၄၈မဲ၊ လွှတ်တော်လုပ်ငန်းတွေကို တားဆီးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ၅၃မဲ-၄၇မဲနဲ့ ပယ်ချပြီး သမ္မတကို အရေးမယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မစ္စတာထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတဟောင်းဂျိုးဘိုင်ဒန်ကို စုံစမ်းပေးဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက သူ့ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလက စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။