ကိုရိုနာဗိုင်းရပ်စ် သေဆုံးသူ 2126 ရှိပြီ

ကြာသပတေးနေ့ မနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ 2126 နဲ့ ကူးစက်ဖြစ်ပွားသူ 75725 ရှိပြီး ပြန်လည် ကျန်းမာလာသူ16330 ရှိပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ သေဆုံးမှု ၂.၃% ရှိပါတယ်။ ဒါကြောင့် ကူးစက်ဖြစ်ပွားသူ လူတစ်ထောင်မှာ ၂၃ ဦး သေဆုံးတယ်လို့ ပြောနိုင်ပါတယ်။ သာမန် တုပ်ကွေးရောဂါဖြစ်ပွားသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ လူတစ်ထောင်မှာ တစ်ယောက်နှုန်းပဲရှိပါတယ်။

ဒါပေမဲ့လည်း အခု ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းဟာ အလားတူ အရင်က ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါတွေဖြစ်ကြတဲ့ SARS ဆားစ်နဲ့ MERS မားစ် ရောဂါတွေထက်တော့ လျှော့နည်းပါတယ်။

၂ဝဝ၂ ခုနှစ်က တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ SARS ခေါ် အသက်ရှူလမ်းကြောင်းရောင် ရောဂါရဲ့ သေဆုံးမှုနှုန်းက ၉.၆% ရှိပြီး ၂ဝ၁၂ ခုနှစ်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ MERS ရောဂါကတော့ ၃၅% အထိ သေဆုံးခဲ့ပါတယ်။

-Ref: RFA