အီရန် ဒုံးကျည်စမ်းသပ်မှု မအောင်မြင်

အီရန်နိုင်ငံလုပ် Zafar ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Zafar ဂြိုဟ်တုဟာ လိုအပ်တဲ့အရှိန် မရခဲ့တာကြောင့် ကမ္ဘာပတ်လမ်းအထိ စီစဉ်ထားတဲ့အတိုင်း ရောက်မသွားခဲ့ဘူးလို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာန အာကာသ အစီအစဉ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ahmad Hosseini က ရုပ်သံဌာနကို ပြောခဲ့တာပါ။

အီရန်နိုင်ငံဟာ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အမေရိကန်တို့ ပြောခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာကတည်းက ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုလွှတ်မယ့် အစီအစဉ်ကို အီရန်တို့ စတင်ခဲ့တာဖြစ်ပြီး အခုချိန်ထိ ဂြိုဟ်တု စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်တာ အနည်းဆုံး ၃ ကြိမ် ရှိခဲ့ပါတယ်။

ကမ္ဘာနဲ့မဝေးတဲ့ အနိမ့်ဆုံးပတ်လမ်းထိ ရောက်အောင် လောင်စာရည်သုံး Simorgh လို့ခေါ်တဲ့ ဒုံးယာဉ်က ဂြိုဟ်တုကို သယ်ဆောင်သွားပြီး ပစ်လွှတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီဂြိုဟ်တုကို Tehran မြို့နဲ့ ကီလိုမီတာ ၂၃၀ အကွာ Semnan ဒေသက Imam Khomeini ဆိုတဲ့ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ ပစ်လွှတ်ခဲ့ပါတယ်။

အီရန်ဟာ ၂၀၂၁ ရောက်ရင် နောက်ထပ်ဂြိုဟ်တု ၅ လုံး တည်ဆောက်ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်။

VOA