“ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ အမြဲနိုင်နေတဲ့ပါတီမရှိသလို အမြဲရှုံးနေတဲ့ ပါတီလည်း မရှိတာတွေ့ရမှာ ဖြစ်”

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူရပြီဆိုရင် တိုင်းပြည်ရဲ့ပကတိ လိုအပ်ချက် များနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မျှော်မှန်းချက်တွေကို တိုင်းပြည်ရဲ့ဘဏ္ဍာ၊ တိုင်းပြည်ရဲ့ လူ့အရင်းအမြစ်နဲ့ သမိုင်းကြောင်း အမွေကိုပါဆက်ခံပြီး အောင်မြင်အောင် ကြိုးစားကြရတာဖြစ်ပါတယ်။

UTS (22-8)

ဒါကြောင့် ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ နိုင်ငံရေးပါတီတွေဟာ မိမိပါတီကို နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စ အဖြာဖြာကို ကျွမ်းကျင် နှံ့စပ်အောင် မပြတ်လေ့လာပြင်ဆင်ပြီး အချိန်အခါရောက်လာလို့ ပြည်သူက ရွေးချယ်တာဝန်ပေးရင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြင်ဆင် ထားကြရသလို ကျွန်တော်တို့ပါတီကိုလည်း အလားတူ ပြင်ဆင်လေ့ကျင့်ထား ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ အမြဲနိုင်နေတဲ့ပါတီမရှိသလို အမြဲရှုံးနေတဲ့ ပါတီ လည်းမရှိတာတွေ့ရမှာ ဖြစ်လို့ ပြည်သူကလည်း ဘယ်ပါတီကို နိုင်ငံ့တာဝန် ပေးရင် ကောင်းမလဲလို့စဉ်းစားပြီး မဲပေးရွေးချယ် ကြရတာဖြစ်ပါတယ်။

ပါတီသည် ပြည်သူ့အတွက်လို့ ခံယူထားတဲ့အတိုင်း ပြည်သူများရဲ့ ဆန္ဒ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ပြည်သူ့ပါတီဖြစ်ဖို့အတွက် ပြည်သူနှင့် အမြဲထိတွေ့နေပြီး ပြည်သူနှင့် တစ်သားတည်းရှိနေကြရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ အခက်အခဲ အကျပ်အတည်းတွေကိုလဲ ကူညီဖြေရှင်းပေးကြဖို့ လိုပါတယ်။ အခြေအနေမှန်တွေသိအောင် အောက်ခြေအထိ ကွင်းဆင်းထိတွေ့ နေကြဖို့လည်း လိုပါတယ်။

ပါတီဝင်တွေအနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူကိုမျက်နှာမူ၊ ပြည်သူကိုဗဟိုပြုလို့ ပြည်သူ့အရေး ဦးစား ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ပါတီအနေနဲ့ ပါတီတွင်း စည်းလုံးညီညွတ်မှုခိုင်မာအောင် တည်ဆောက်ရမှာဖြစ်သလို ပြည်သူအတွင်း စည်းရုံးရေးလုပ်ငန်းများကိုလည်း ပိုမိုထက်မြက် ထိ ရောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ ပါတီဝင်ထုတစ်ရပ်လုံးကို မှာကြားလိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ ဒုတိယနေ့ (၂၂-၈-၂၀၁၆) တွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ် ဖော်ပြပါသည်။


Leave a Reply