အွန်လိုင်းမှအခွန်ဆောင်နိုင်ရန် အခွန်ရုံး ၇၅ ရုံး တိုးချဲ့

တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းတွေအနေနဲ့ မိုဘိုင်းငွေပေးချေမှုနည်းလမ်းကို အသုံးပြုပြီး အွန်လိုင်းကနေ အခွန်ပေးဆောင်နိုင်ဖို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၇၅ ရုံးကို ထပ်မံတိုးချဲ့ထားတယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနက အသိပေးကြေညာပါတယ်။

ထပ်မံတိုးချဲ့လိုက်တဲ့ အခွန်ရုံး ၇၅ ရုံး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေရှိ မြို့နယ်အခွန်ရုံး (၁၁၁) ရုံးမှာ အခွန်ထမ်းဆောင်နေတဲ့ တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းတွေအနေနဲ့  မိုဘိုင်းငွေပေးချေမှု MPU Debit Card ကို အသုံးပြုပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက် အွန်လိုင်းငွေပေးချေမှုက တစ်ဆင့် အခွန်ပေးဆောင်တာကိုဆောင်ရွက်နိုင်ဖို့ ထပ်မံ တိုးချဲ့ဆောင်ရွက်ထားရှိတာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

MPU Debit Card ကို အသုံးပြု အခွန်ပေးသွင်းပြီးရင် အခွန်ပေးသွင်းတဲ့သူဆီကို ငွေပေးငွေယူ အောင်မြင်ကြောင်း အီးမေးလ် ကနဦး ပေးပို့မှာဖြစ်ပြီး သက်ဆိုင်ရာ အခွန်ရုံးတွေရဲ့ ငွေစာရင်းတွေမှာ အခွန်ငွေ လက်ခံရရှိပြီးပါက အခွန်ငွေပေးသွင်းပြီးတဲ့ အထောက်အထားကိုလည်း အခွန်ထမ်းသူဆီ အီလက်ထရောနစ်နည်းနဲ့ပေးပို့ အကြောင်း ကြားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်ပေးဆောင်မှုမှာ လွယ်ကူမြန်ဆန်စေဖို့ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးနဲ့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးတွေက ကုမ္ပဏီအခွန်ထမ်းတွေရဲ့ အခွန်ပေး ဆောင်တာကို အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းတွေဖြစ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေပေးချေမှု ကွန်ရက်စနစ် CBM-NET နဲ့  မိုဘိုင်းငွေပေးချေမှု MPU Debit Card ကို အသုံးပြုပြီး အွန်လိုင်းကနေ ပေးဆောင် နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ကြေညာထားပါတယ်။