တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ကျောက်ဆည်ခရိုင်ပါတီကော်မတီဝင် ဦးစန်းမြင့် က အမှာစကား ပြောကြားရာတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ကျစ်လျစ်ခိုင်မာပြီး အင်အားတောင့်တင်းရေး ဆောင်ရွက်စေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဖွဲ့စည်းမှု ကျစ်လျစ် ခိုင်မာရေးတို့အတွက် ယခုလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးကဏ္ဍများကို မြို့နယ်ပါတီကော်မတီ ဝင်များက ဖတ်ကြားဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီကော်မတီအသစ်များကို ပြန်လည်ရွေးချယ် တင်မြှောက်ကြသည်။

ထို့နောက် လက်ရှိပါတီကော်မတီဝင်အဟောင်းများ နှုတ်ထွက်ကြပြီိး တိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းက အမှုဆောင်သစ် ရွေးချယ်ရေး မူဝါဒများကို ရှင်းလင်းဆွေးနွေးပြီး ချမှတ်ထားသော မူဝါဒများနှင့်အညီ တံတားဦးမြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးနိုင်လင်းထူးနှင့် ဘဏ္ဍာရေးမှူး ဦးသူရကျော်တို့ပါဝင်သော မြို့နယ်ပါတီကော်မတီဝင် (၁၅) ဦး၊ အရန် ပါတီကော်မတီဝင် (၁၅) ဦးတို့ကို ရွေးချယ်ပေးခဲ့ကြပြီး ရွေးချယ်ခံရသောကော်မတီဝင်များက သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြု ကာအခမ်းအနားကို ကြွေးကြော်သံငါးရပ်ဖြင့် ကြွေးကြော်ပြီး ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

သူရကျော်


Leave a Reply