အိန္ဒိယလေကြောင်းပြပွဲတွင် မီးလောင်မှုဖြစ်ပွားပြီး ကားအစီးရေ ၃၀၀ ခန့် ပျက်စီး

အိန္ဒိယ Aero India လေကြောင်းပြပွဲတွင် မီးလောင်နေသော ကားများကို မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နေစဉ် (Stringer / reuters)

 

 အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော လေကြောင်းပြပွဲတစ်ခု၌ မီးလောင်မှုကြောင့် ကားအစီးရေ ၃၀၀ ခန့် ပျက်စီးခဲ့သည်ဟု ထိပ်တန်းမီးသတ်အရာရှိကြီးတစ်ဦးက ပြောကြားပြီး ယင်းမှာ အစိုးရက ဦးဆောင်ပြုလုပ်သော ပြပွဲကို ထိခိုက်စေသော နောက်ဆုံးအဖြစ်အပျက်ဖြစ်သည်။

မြက်ခြောက်များ မီးလောင်ကျွမ်းစဉ် လေပြင်းများ ပင့်တိုက်လာပြီး ကားများ လောင်ကျွမ်း ခြင်းဖြစ်နိုင်သည်ဟု လေကြောင်း ပြပွဲကျင်းပနေရာ ဘင်ဂါလူရူးမြို့ ရှိ မီးသတ်အရာရှိက ပြောကြား သည်။

ယင်းတွင် လူသေဆုံးမှု သတင်း မကြားရပေ။

ရိုက်တာနှင့် ပူးပေါင်းသော ANI သတင်းဌာန ဓာတ်ပုံများတွင် မီးကျွမ်းသော ကားတန်းနှင့် မီးခိုးလုံးများ၊ မီးညွန့်များ မြင်ရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သော Aero India ပြပွဲကို ကမ္ဘာပေါ်တွင် အကောင်းဆုံး လေကြောင်း ပြပွဲဖြစ်ရန် ရည်မှန်းထားသော်လည်း မတော်တဆမှုများကြောင့် ဘေးဒုက္ခ တွေ့ခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်က ယင်း လေကြောင်းပြပွဲအတွက် လေ့ကျင့်နေသော အိန္ဒိယလေတပ်မှ လေယာဉ်နှစ်စီး ဝေဟင်တွင် တိုက်မိပြီး လေယာဉ်မှူးတစ်ဦး သေဆုံးကာ လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို မတုံ့ပြန်ခဲ့ပေ။

—Ref: Reuters